ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံထားရတဲ့ သတင်းထောက်တွေ အာမခံထပ်လျှောက်မယ်

  • 22 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် GEO
Image caption ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံထားရတဲ့ သတင်းထောက်ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ်

ပြီးခဲ့တဲ့ စက်တင်ဘာလ ရ ရက်နေ့ က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဆက်ဘဇား မြို့မှာ မမှန်မကန် အချက်အလက်တွေပေးမှု၊ ထိန်ချန်မှုစတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်သိမ်းခံနေရတဲ့ မြန်မာ ဓါတ်ပုံ သတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ် တို့အတွက် အာမခံ ထပ်လျှောက် မယ်လို့ သူတို့ဘက်က လိုက်ပါဆောင်ရွက်နေတဲ့ တရားရုံးချုပ်ရှေ့နေ ဂျိုတီမွိုင် ဘရူးဝါးက ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့သူတွေ အကြောင်း ဓါတ်ပုံ သတင်းရယူဖို့ ဂျာမနီ နိုင်ငံက Geo မဂ္ဂဇင်းက တာဝန်ပေးမှု နဲ့ သူတို့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေကြတာ ဖြစ်ပါတယ်။

သူတို့ကို စက်တင်ဘာလ ၁၃ ရက်နေ့က ရုံးထုတ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့မှာ သူတို့အတွက် ပထမဆုံးအာမခံ လျှောက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာမခံရဖို့ ကြိုးစားနေပြီး ဖြစ်နိုင်ရင် စက်တင်ဘာ၂၃ ရက် အာမခံ ထပ်လျှောက်မယ်လို့ ပြောပါတယ်။

ကောစ့် ဆက်ဘဇား ခရိုင် ထောင်ထဲမှာ ချုပ်ထားတဲ့ သူတို့ကို ရုံးထုတ်ခဲ့ပြီးနောက်ပိုင်း ရှေ့နေ မစ္စတာဘရူးဝါးရဲ့ လူတွေက သွားတွေ့ခဲ့ရာမှာ ကျန်းမာရေးအခြေအနေကောင်းတယ်လို့ သိရပြီး နောက်ပိုင်းမှာလည်း သူတို့နဲ့ ထပ်တွေ့ဖို့ ကြိုးစားအုံးမယ်လို့ ဆိုပါတယ်။

ပထမအကြိမ်ရုံးထုတ်ခဲ့ချိန်မှာ ရဲကတော့ ထပ်ပြီး စစ်ဆေးခွင့် တောင်းခံခဲ့တယ်လို့ ပြောပါတယ်။

သူတို့ ၂ှစ်ယောက်ကို ၁၉၄၆ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားသားဥပဒေပုဒ်မ ၁၄၊ ဘင်္ဂလားဒေ့ရှ် ဥပဒေပုဒ်မ ၁၇၇ အစိုးရ အစိုးရအရာရှိတွေကို မမှန်မကန် အချက်အလက်ပေးမှု၊ ပုဒ်မ ၁၁၉ ဘယ်သူဘယ်ဝါဆိုတာ အမှန်အတိုင်းမပြောပဲ ထိန်ချန်ထားမှုစတဲ့ စွဲချက်တွေနဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။

နိုင်ငံခြားသားဥပဒေပုဒ်မ ၁၄၊ နဲ့ ဘာကြောင့်စွပ်စွဲတယ်ဆိုတာကိုတော့ သူမသိကြောင်း၊ သူတို့မှာ နိုင်ငံကူးလက်မှတ်ရှိတယ်၊ဗီဇာရှိတယ်၊ ခရီးသွားဗီဇာနဲ့ အလုပ်လုပ်ရင်တောင် ဒါဟာ ဒီပုဒ်မနဲ့ ပြစ်မှုမမြောက်ပါဘူး၊ ဓါတ်ပုံရိုက်တာလောက် နဲ့ ဒီစွဲချက်နဲ့ စွဲဖို့ ခက်ပါလိမ့်မယ်လို့ ရှေ့နေ မစ္စတာ ဘရူးဝါးက ပြောပြပါတယ်။

အခုရဲက ထပ်စုံစမ်းပြီးရင် ထွက်လာမယ့် အစီရင်ခံစာအရ အခုစွပ်စွဲထားတဲ့ စွဲချက်တွေနဲ့ အရေးယူလို့ ရ မရ တရားရုံးက ဆုံးဖြတ်ပြီး တရားရုံး လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ တရားစွဲဆိုခံပြီး ပုဒ်မ ၁၇၇ အရ အပစ်ရှိရင် ထောင်ဒဏ် ၆ လ၊ ပုဒ်မ ၁၁၉ အရ ဆိုရင် ထောင် ၃ နှစ်ထိ ချခံရနိုင်တယ်လို့ ပြောပါတယ်။

နောက်ရုံးချိန်းက ရဲ အစီရင်ခံစာထွက်လာမှ ခေါ်မှာဖြစ်ပြီး အာမခံမရမချင်းတော့ သူတို့ကို ချုပ်ထားအုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းထောက် ၂ ယောက်ကို မြန်မာသံရုံးကလူတွေ လာတွေ့မတွေ့ သူမသိကြောင်းနဲ့ လာတွေ့ရင်လည်း တွေ့ခွင့်ရလိမ့်မယ်လို့ ထင်ကြောင်း လိုက်ပါဆောင်ရွက်နေတဲ့ တရားရုံးချုပ်ရှေ့နေ ဂျိုတီမွိုင် ဘရူးဝါးက ပြောပါတယ်။