ဟိန္ဒူတွေကို လုံခြုံရေးပေးဖို့ တောင်း

  • 26 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် STR
Image caption သေဆုံးသူတွေအတွက် ဝမ်းနည်းပူဆွေးကြ

မောင်တောမှာ ပျောက်ဆုံးနေတဲ့ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ရုပ်အလောင်း (၄၅) လောင်းကို တွေရှိခဲ့အပြီးမှာ အဲဒီဒေသက ဟိန္ဒူဘာသာဝင်တွေကို လုံခြုံရေးပေးဖို့ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေ ဟိန္ဒူဘာသာဝင် (၉၃) ဦး ရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို လက်ခံရထားပြီး ကျန်တဲ့ အလောင်းတွေ ဆက်ရှာနေတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး ရဲမှူးချုပ် သူရစန်းလွင် ကပြောပါတယ်။

သတ်ဖြတ်သူတွေထဲက ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေသူတွေရဲ့ အမည်တွေကိုလည်း ရရှိထားပြီမို့ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ချင်း ညှိပြီး အရေးယူဖို့လုပ်နေတယ် လို့လည်း သူက ဆိုပါတယ်။

မောင်တောမှာ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ရခိုင်အများစုရှိတဲ့ ရွာတွေနားမှာ ထားချင်ထား၊ ဒါမှမဟုတ် သီးခြားရွာ တည်ထောင်ပေးပြီး အစောင့်အရှောက် ပေးထားစေချင်တယ်လို့ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူက ဘီဘီစီကို ပြောပါတယ်။

မောင်တောဒေသမြောက်ပိုင်းက အခြေအနေတွေကို လူ့အခွင့်အရေးကော်မရှင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပါတဲ့ အဖွဲ့က ကွင်းဆင်း လေ့လာနေကြပါတယ်။

အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေထဲက ၇၅ ရာခိုင်နှုန်းက နေရပ် မပြန်နိုင်ကြသေးဘူးလို့ ကိုယ်တိုင်ကွင်းဆင်းရာမှာ ပါတဲ့ မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ