အာဆာ အဖွဲ့ ဆိုတာ ဘာလဲ

  • 28 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption ပြာပုံ အတိ ဖြစ်ခဲ့တဲ့ မောင်တော ကျေးရွာတွေ

သြဂုတ်လ ၂၅ ရက်က ရခိုင် မြောက်ပိုင်းမှာ တိုက်ခိုက်မှု စဖြစ်ခဲ့ပြီးတဲ့နောက် သုံးရက် အကြာမှာ အာဆာ အဖွဲ့က တွတ်တာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဒီတိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက် ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်း မောင်တောမှာ ရှိတဲ့ အလယ်သံကျော် ရွာကတော့ ရိုဟင်ဂျာ လက်နက်ကိုင် တိုက်ခိုက်သူတွေ စတိုက်ခဲ့တဲ့ နေရာတခုပါ ။

အခုတော့ ပြာပုံ အတိနဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ မွတ်ဆလင် တွေ မရှိတော့ဘူးလို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ ဂျိုနသန်ဟတ်က ပြောပါတယ် ။

နှစ်ပေါင်းများစွာ ဖိနှိပ်ခံရမှုတွေ၊ခွဲခြား ဆက်ဆံမှုတွေ ၊ ချုပ်ချယ်မှုတွေနဲ့ ကန့်သတ်နယ်မြေ အတွင်းမှာ နေထိုင်လာရပေမယ့် မွတ်ဆလင် တွေဟာ အစိုးရကို ဆန့်ကျင် တိုက်ခိုက်မှု မရှိခဲ့ပါဘူး။

ဒါပေမယ့် အခုတော့ ဒီအခြေအနေက လုံးဝ ပြောင်းလဲ သွားပါပြီ။

သြဂုတ်လ ၂၅ ရက် ညလယ်မှာ ရာနဲ့ချီတဲ့ လူတွေ အလယ်သံကျော် စခန်းကို ၀င်စီးခဲ့တဲ့ အကြောင်းကို ရဲက သတင်းထောက်တွေကို အခုလို ပြောပြခဲ့ပါတယ်။

ရာချီ ရှိတဲ့ လူအုပ်ကြီးက ဓားရှည်တွေ ၊ လက်လုပ်ဗုံးတွေနဲ့ ကျနော်တို့ စခန်းကို ဝင်တိုက်ခဲ့တာ ၊ သူတို့ကို ကျနော်တို့က ချက်ခြင်း ပြန်လည် ခုခံနိုင်ခဲ့ပြီး သူတို့က်က လူအများအပြားလည်း ကျဆုံးခဲ့ပါတယ်။

ဒါကတော့ ရဲအရာရှိရဲ့ ပြောကြားချက်ပါ။

အဲလို တိုက်ခိုက်မှု ဖြစ်ပြီး မကြာခင်မှာ Arakan Rohingya Salvation Army အာဆာ အဖွဲ့က လူမှုကွန်ယက်ပေါ်မှာ ဗွီဒီယို တခု ဖြန့်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အနေနဲ့ အခုအခါ လက်နက်ကိုင်ရုံမှ တပါး တခြား နည်းလမ်း ရွေးစရာမရှိဘူးလို့ အဲဒီ ဗီဒီယိုမှာ အင်္ဂလိပ် စာတမ်းထိုး ဖော်ပြထားပါတယ်။

အာဆာ အဖွဲ့နဲ့ ပတ်သက်လို့ အသေးစိတ် မသိရပေမယ့် ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟတ် က မြန်မာ ဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် တွေထဲက အာဆာ အဖွဲ့က စည်းရုံးတာ ခံခဲ့ရတဲ့ သူတယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဆဲ ရိုဟင်ဂျာတွေ

သူ့အဆိုအရ အမီယာလို့ ခေါ်တဲ့ ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူတို့ဆီ ချဉ်းကပ်ခဲ့ပြီး လူငယ်တွေကို စည်းရုံးကာ တောင်ပေါ်မှာ ဂျီဟတ် စစ်ပွဲ အတွက် သင်တန်းပေးခဲ့တယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာ အာဆာက တိုက်ခိုက်မှုတွေ စခဲ့တော့ စစ်တပ်ကလည်း ချက်ချင်း ပြန်တိုက် ၊ ပစ်ခတ်သံတွေ ကြားရပြီး အိမ်တွေလည်း မီးလောင်တာ မြင်ရတယ်လို့ သူက ပြောပါတယ်။

ဒီနောက်တော့ ရိုဟင်ဂျာ တွေဟာ အသေခံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျနော်တို့ ရွာတွေကို စစ်တပ်က ဝိုင်းထားတာ ၊ အဲဒီအချိန်မှာ ဘယ်သူမှာမှ လက်နက် ဆိုတာလည်း မရှိခဲ့ဘူးပေါ့ဗျာ ။ ဒီတော့ ကျနော်တို့ ခေါင်းဆောင် အမီယာ ကပြောတယ် မင်းတို့ ဒီအခြေအနေမှာ တနည်းနည်းနဲ့ သေရမှာပဲ၊ သေရင်းသေ အာဇာနည် အဖြစ် သေဆုံးရတာ ပိုမကောင်းဘူးလား လို့ ဆိုပါတယ်။ ဒါနဲ့ ကျနော်တို့လည်း ဝါးရင်းတုတ်တွေ ဆွဲပြီး တိုက်ခဲ့ကြတာ အဖိုးကြီးတွေ လူငယ်လေးတွေတောင်ပါတယ် ။ အဲဒီနောက် စစ်တပ်ကလည်း ကျနော်တို့ကို ပစ်တော့တာပါပဲ

တိုက်ခိုက်မှု အတွင်း ပါ၀င်ခဲ့သူ တယောက်ရဲ့ ပြောကြားချက်ပါ။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ကြားမှာတော့ ဒီအာဆာ တိုက်ခိုက်ရေး သမားတွေကို ထောက်ခံတဲ့ သူတွေကို တွေ့ခဲ့ရတယ်လို့ ဂျိုနသန်ဟတ် က ပြောပါတယ်။ အဲဒီလူတွေဟာ များသောအားဖြင့် လူငယ်တွေပါ။ ဘာလို့လဲ ဆိုတော့ ဒီအဖွဲ့ဟာ ပထမဆုံး စစ်တပ်ကို ပြန်တိုက်ခိုက်နိုင် ခဲ့တာကြောင့်လို ဆိုပါတယ်။

ဒါပေမယ့် တချို့ကလည်း ဒီအာဆာ အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အခုလို မွတ်ဆလင် အရပ်သားတွေ အများအပြား အိုးအိမ် စွန့်ခွာ ပြေးကြရတယ် ဆိုပြီး ဒေါသထွက်နေသူ တွေလည်း သူတို့ကြားမှာ ရှိနေပါတယ်။

အာဆာ အဖွဲ့ဟာ စစ်တပ်ကို ယှဉ်နိုင်ဖို့ မလွယ်ဘူး ဆိုတာကို သက်လတ်ပိုင်း အရွယ် အမျိုးသမီး တယောက်က ထောက်ပြပါတယ်။

'ဒီအာဆာ အဖွဲ့တွေက တခြား မွတ်ဆလင်တွေကို ရိုက်နှက် သတ်ဖြတ်တာတွေ ရှိပါတယ်။ သူတို့မှာ လက်နက် အပြည့်အ မရှိဘဲ ဘယ်လို ပြန်တိုက်နိုင်မှာလဲ'လို့ ဆိုပါတယ်။

ဒီလို အမြင်အမျိုးမျိုးနဲ့ ရောက်လာသူတွေကြောင့် အခုဆိုရင် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဒုက္ခသည် စခန်းကြီး ဖြစ်လာနေတဲ့ အတွက် ဒီနေရာဟာ နိုင်ငံတကာ ဂျီဟတ် အဖွဲ့တွေရဲ့ လူသစ်စုဆောင်းရာ ဖြစ်လာနိုင်တယ်လို့ ဂျိုနသန်ဟတ်ဒ် က သုံးသပ်ထားပါတယ်။