ရခိုင်က နှစ်ဘက် အသိုင်းအဝိုင်းကြား ယုံကြည်မှုကင်းမဲ့

  • 28 စက်တင်ဘာ 2017
Image caption အကြမ်းဖက် တိုက်ခိုက်မှုတွေ စတင်ဖြစ်ခဲ့ပြီးနောက် ရွာတချို့ မီးရှို့ခံရ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့အပြီး ဒေသခံ တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ ကြားမှာ ယုံကြည်မှုတွေ ကင်းမဲ့လာနေပါတယ်။

အပြန်အလှန် ကူးသန်းသွားလာမှုတွေ မရှိသလို တဘက်နဲ့တဘက် အလုပ်အကိုင် သွားလုပ်နိုင်တာ တွေလည်း မရှိဖြစ်နေပါတယ်။

ရန်ကုန် လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့နဲ့ မြိုလူငယ် အစည်းအရုံးတို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် တွင်းကို ကွင်းဆင်း လေ့လာမှုတွေအရ တွေ့ရှိရတာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ နေထိုင်နေကြတဲ့ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီးနဲ့ ဟိန္ဒူ ဘာသာဝင်တွေ၊ အစ္စလာမ် ဘာသာဝင်တွေ ဆီကို သူတို့ ကိုယ်တိုင် သွားရောက် မေးမြန်းပြီး အကြမ်းဖက်မှုများ ကြားက ဘူးသီးတောင် မြို့နယ်ရဲ့ မြေပြင်အစီရင်ခံစာ ကို စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ ပါတယ်။

ဘူးသီးတောင်မြို့နယ် အတွင်းမှာ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်စတဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာ၂၀၊ အစ္စလာမ် ဘာသာဝင်တွေသာ နေထိုင်ကြတဲ့ ကျေးရွာ ၂ဝနဲ့ နှစ်ဖက် ရောနှော နေထိုင်ကြတဲ့ ကျေးရွာ ၄၅ ရွာရှိတဲ့အတွက် စုစုပေါင်း ကျေးရွာ ၈၅ ရွာရှိပါတယ်။

ဒီရွာတွေ အားလုံးရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက အစ္စလာမ် ဘာသာဝင်တွေဖြစ်ပြီး ကျန်တာက ရခိုင်နဲ့ ဒေသခံ တိုင်းရင်းသားတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အသိုင်းအဝိုင်း နှစ်ဘက် စလုံးမှာ မလုံခြုံမှု၊ ကြောက်ရွံ့မှုတွေ ခံစားနေရတာ တွေ့ရပြီး သူတို့ လုံခြုံရေးကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့ ရန်ကုန် - လိုင်ဇာ ငြိမ်းရေးလမ်းလျှောက်အဖွဲ့ဝင် ဒိုင်နက် လူမျိုး ကိုထက်အောင်လင်းက ပြောပါတယ်။

နှစ်ဘက်ယုံကြည်မှု ကင်းမဲ့တဲ့ အကြောင်းက အစ္စလာမ် ဘာသာဝင်တွေဟာ သူတို့ ရွာတွေမှာ အကြမ်းဖက်သမား တွေနဲ့ ရောနှော နေထိုင်ကြတယ်လို့ တိုင်းရင်းသားတွေက ယူဆနေပြီး သူတို့ကို အကြမ်းဖက်တာတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သံသယနဲ့ စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

အစ္စလာမ် ကျေးရွာတွေ ကလည်း ဆူပူအုံကြွမှုတွေ အချိန်မရွေး ဖြစ်လာမှာကို စိုးရိမ်ပြီး သူတို့ ရွာတွေထဲမှာပဲ နေကြသူတွေ ရှိသလို အကြမ်းဖက်မှုတွေ မရှိခဲ့တဲ့ ရွာတွေက အစ္စလာမ်ဘာသာဝင်တွေ ကလည်း ကောလာဟလတွေကြောင့် ထွက်ပြေးသွားကြတာကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဆိုထား ပါတယ်။

အစ္စလာမ်ရွာတွေကိုသွားပြီး လူဦးရေ စာရင်း ကောက်တဲ့အခါ သူတို့က ကြောက်ရွံ့ပြီး အတိအကျ မပေးကြဘူးလို့ ကိုထက်အောင်လင်းက ပြောပါတယ်။

ဘူးသီးတောင် မြို့နယ်နဲ့ ဝေးလံ ခေါင်ဖျားတဲ့ ကျေးရွာတွေမှာလည်း လုံခြုံရေးအခြေအနေကြောင့် လုပ်ကိုင် စားသောက်ဖို့ခက်ခဲ နေပြီး၊ စားနပ်ရိက္ခာ လိုအပ်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ရေးသားထား ပါတယ်။