ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသူတွေ ဆက်ရှိနေ

  • 30 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI Myanmar
Image caption မောင်တောဒေသအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှာ ရောက်နေတဲ့ ဘူးသီးတောင်ဒေသက ရွာသားများ

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသူတွေကို မြန်မာအစိုးရက ပြန်လည် စိစစ် လက်ခံမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့အပြီး ရက်ပိုင်းအတွင်းဖြစ်တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စပြီး ဘူးသီးတောင်ဒေသရဲ့ ရွာတွေကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက် ထွက်ပြေးနေတဲ့ မွတ်စလင်တွေရှိနေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဘူးသီးတောင်ဒေသတဝိုက်မှာ တိုက်ပွဲဖြစ်တာတွေ၊ မီးရှို့မှုတွေ မရှိတော့ပေမယ့် ဒီမြို့နယ်အတွင်းမှာရှိတဲ့ (ပ) အိုးသည်မနဲ့ (ဒု) အိုးသည်မ ကျေးရွာတွေက လူ ၂ ထောင် နီးပါးဟာ မောင်တောမြို့နယ် တောင်ပိုင်းက တဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေတွေကို အသုံးပြုပြီး ထွက်ပြေးသွားကြတယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီရွာသားတွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲရှိတယ်လို့ ကနဦး ပြောဆိုပေမယ့် စားဝတ်နေရေးနဲ့ လုံခြုံရေး အာမခံပေးတဲ့ကြားက ထွက်ပြေးကြတာဖြစ်တယ်လို့ ဦးမြတ်ခိုင်က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းက ဇင်းခင်မ ကျေးရွာက အိမ်ထောင်စု အားလုံးနဲ့ ပြိုင်တောင်ရွာ၊ တောင်ချောင်ရွာနဲ့ ရွှေထားရွာတွေက အိမ်ထောင်စု အများစုဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆန္ဒအလျောက် ထွက်ပြေးသွားကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားနေပြီး အမျိုးသမီးနဲ့ သက်ကြီးရွယ်အို အများစု ပါဝင်တဲ့ ဂူတောင်းရွာသားတွေကို တွေ့ခဲ့တဲ့ ကိုနေမျိုးဇင်ကလည်း ဒီရွာသားတွေဟာ သူတို့နဲ့ တွေ့တဲ့ အချိန်မှာ ထိတ်လန့်နေပုံရပြီး ဘာသာပြန်ကတဆင့် မေးမြန်းချက်အရ နေရပ်ရွာတွေမှာ နေလို့ မဖြစ်တဲ့အတွက် အခုလို ထွက်လာရတာလို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောကြဘူးလို့ ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ ဘူးသီးတောင်ဒေသအတွင်း မွတ်စလင်ရွာတွေက ရွာသားတွေဟာ သူတို့ ပိုင်ဆိုင်တဲ့ ကျွဲနွားတွေကို ရောင်းချနေကြတာကြောင့် သူတို့လဲ မကြာမီ ထွက်ပြေးကြမယ့် ပုံစံရှိတယ်လို့လည်း ဒေသခံတွေရဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ