မြန်မာ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ရခိုင်အရေး အစီရင်ခံစာ ထွက်လာမယ်

  • 2 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မောင်တောဒေသက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရွာတစ်ရွာ

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာ ဒေသကို ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ကိုယ်တိုင် ကွင်းဆင်းလေ့လာ ခဲ့ကြတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေက သူတို့ လေ့လာ တွေ့ရှိချက်တွေကို မကြာခင် နိုင်ငံတော် သမ္မတဆီ အစီရင်ခံစာ ရေးသား ပေးပို့တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲ ချက်တွေကို ကိုယ်တိုင်ကွင်းဆင်း စုံစမ်း စစ်ဆေးရာမှာ ပါဝင်ပြီး လောလောဆယ် အစီရင်ခံစာ ရေးနေတဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က သူတို့ အနေနဲ့ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသား တွေကိုရော မွတ်ဆလင်ရွာသားတွေ၊ ရပ်မိရပ်ဖ တွေ ကိုပါ လွတ်လွတ်လပ်လပ် မေးမြန်းခွင့် ရခဲ့တယ်လို့ ပြောပါတယ်။

ကျေးရွာတွေ မီးရှို့ခံရမှုနဲ့ ဖြစ်ရပ်တွေမှာ တိုင်းရင်းသား တွေက သူတို့ အိမ်တွေကို ARSA အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်တဲ့ အဖွဲ့က မီးရှို့တာလို့ ပြောတာတွေ ရှိတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှု တွေမှာ ပါဝင်ဖို့ စည်းရုံးခံရတာကို ငြင်းဆိုတဲ့ မွတ်ဆလင် ရွာတွေ ကိုလည်း ARSA အဖွဲ့က မီးရှို့တယ်လို့ မွတ်ဆလင်တွေက ပြောကြောင်း ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

မွတ်ဆလင်တွေ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြတဲ့ တချို့ ရွာတွေမှာတော့ သူတို့ကို မကျေနပ်တဲ့ အနီးအနားမှာ နေထိုင်သူ ရခိုင်တိုင်းရင်းသား တွေက မီးရှို့ခဲ့တယ်လို့ မွတ်ဆလင်တွေက ပြန်ပြော တာတွေရှိခဲ့ပြီး တပ်မတော်က မီးရှို့တာ မတွေ့ဘူးလို့ ပြောကြကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လုံခြုံရေးစိုးရိမ်မှု၊ ငွေကြေး အရ လက်လှမ်း မမီမှုကြောင့် ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေး သွားကြသူတွေကို သွားရောက် မေးမြန်း လေ့လာနိုင်ခြင်း မရှိပေမဲ့ သူတို့ သွားနိုင်တဲ့ ရခိုင်ပြည်နယ်က ဒေသတွေဆီ သွားရောက် လေ့လာချက်တွေ အရ တွေ့ရှိချက်တွေကို မှန်ကန် မျှတအောင် တင်ပြ သွားမယ်လို့လည်း ဦးယုလွင်အောင်က ပြောပါတယ်။