ရခိုင်အရေး အမှန်တိုင်းပြောတဲ့ ဗီဒီယိုကြောင့် သရဖူသိမ်းခံရတာလို့ အလှမယ်ပြော

  • 3 အောက်တိုဘာ 2017
Image caption နိုင်ငံသား တာဝန်လည်း ကျေရမယ်

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး သူရဲ့ သဘောထား အယူအဆ တွေကို ပြောထားတဲ့ ဗီဒီယိုဖိုင် ရိုက်ကူးခဲ့တဲ့ အတွက် အလှမယ် သရဖူ ရုပ်သိမ်းခံရတာ ဖြစ်တယ်လို့ မော်ဒယ် ရွှေအိမ်စည်က ပြောပါတယ်။

မစ္စဂရင်းမြန်မာ Miss Grand Myanmar သရဖူဆု ကို ရုပ်သိမ်းကြောင်း ပြိုင်ပွဲ စီစဉ်သူတွေက ကြေညာလာ ခဲ့ပြီးတဲ့နောက် ၁၉ နှစ် အရွယ် အလှမယ်ဘက်က ပြန်လည် တုံ့ပြန် လာတာ ဖြစ်ပါတယ်။

Miss Grand Myanmar ပွဲ တာဝန် ရှိသူတွေကတော့ အလှမယ် ရွှေအိမ်စည် အနေနဲ့ စာချုပ်ပါ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီး စံပြမော်ဒယ် တစ်ယောက် အဖြစ် မပြုမူခဲ့ဘူး ဆိုပြီး ပြောထားပါတယ်။

ဒါပေမယ့် သရဖူ ပြန်ရုပ်သိမ်းတဲ့ ပွဲစီစဉ်သူတွေရဲ့ ဆုံးဖြတ်ချက်ဟာ သူရိုက်ကူးခဲ့တဲ့ ဗီဒီယိုနဲ့ ဆက်စပ်နေတယ် လို့ မော်ဒယ် ရွှေအိမ်စည်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်ထဲ အာဆာ လက်နက်ကိုင်တွေကြောင့် ဖြစ်ပေါ် လာရတဲ့ စိုးရွံ့ ကြောက်လန့်မှုတွေ အကြောင်း ပြောပြတဲ့ ဗီဒီယိုဟာ အလှမယ် တစ်ယောက် ရှိသင့် ရှိထိုက်တဲ့ ပုံရိပ်ကို မပျက်ပြား စေနိုင်ပါဘူး ဆိုပြီး ရွှေအိမ်စည်ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဒါ့အပြင်၊ သူ့ရဲ့ အောင်မြင်မှုကို အသုံးပြုပြီး တိုင်းပြည်ရဲ့ အမှန်တရား အကြောင်း ဖော်ထုတ် ပြောဆိုရမယ့် နိုင်ငံသား တာဝန်လည်း ကျေရမှာ ဖြစ်တယ်လို့ အလှမယ်ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။