ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းသွားမယ်

  • 3 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အာဆီယံ အဖွဲ့ဝင်တွေ အကြား ရခိုင် အရေးနဲ့ ပတ်သက်ပြီး မတူတဲ့ အမြင်တွေ ရှိနေ ကြ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ဖိတ်ကြားချက် အရ အခု ရက်ပိုင်း အတွင်း ဘရူနိုင်း နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်း ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေ ဆက်ခံသည့် နှစ်(၅ဝ) ပြည့် ရွှေရတု အထိမ်း အမှတ် အခမ်းအနား ကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ လဆန်းပိုင်း အတွင်း ဥရောပ နိုင်ငံ တချို့ကို သွားမယ့် ခရီးစဉ် မဖြစ်တော့ ဘူးလို့ သိရ ပါတယ်။

အခုလို ဥရောပ ခရီးစဉ် တွေ မသွားဖြစ်ဘဲ အခုလို ဘရူနိုင်း သွားတာဟာ နိုင်ငံရေး အရ သံတမန်ရေး အရ ဆုံးဖြတ်ချက် တခု ဖြစ်တယ် လို့ ဧရာဝတီ သတင်းဌာန အယ်တီတာ ချုပ် ကိုအောင်ဇော်က သုံးသပ် ပါတယ်။

ဘာလို့လည်း ဆိုတော့ ဘရူနိုင်းဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်သလို မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံလည်း ဖြစ်ပြီး၊ အခုအချိန်ဟာ အာဆီယံ အဖွဲ့ဝင်တွေ အကြား ရခိုင် အရေးနဲ့ ပတ်သက်ပြီး မတူတဲ့ အမြင်တွေ ရှိနေ ကြတာ ဖြစ်တယ်လို့ ကို အောင်ဇော်က ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင် မလေးရှားရဲ့ အခု ရခိုင် အရေး အပေါ် သဘောထားက အင်မတန် တင်းမာမှုတွေ ရှိနေ သလို၊ နိုင်ငံ တကာရဲ့ ဖိအားတွေ ကလည်း များလာ နေတာကြောင့် ဘရူနိုင်း အနေနဲ့ တခုခု လုပ်ပေး နိုင်မလား ဆိုတဲ့ စဉ်းစား ချက်တွေ လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။