လိင်ပိုင်းစော်ကားမှု စွပ်စွဲခံရတဲ့ ကာဒီနယ် တရားခွင်ရင်ဆိုင်

  • 6 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption Cardinal George Pell

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ကာဒီနယ် ဂျော့ရှ်ပဲဟာ သြစတြေးလျမှာ ပြုလုပ်တဲ့ တရားခွင်စစ်ဆေးမှုကို လာရောက်ခဲ့ပါတယ်။

အသက် ရ၆ နှစ်အရွယ် ဗာတီကန်ရဲ့ ကာဒီနယ်ဖြစ်သူဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိတယ်ဆိုပြီး ဗစ်တိုးရီးယား ပြည်နယ်မှာ တရားလိုတွေဘက်က တရားစွဲဆိုထားတာပါ။

သူဟာ ဘာမှအပြစ်လုပ်ထားတာမရှိဘူးဆိုပြီး တရားခွင် စစ်ဆေးမှုမှာ ငြင်းဆိုခဲ့ပေမဲ့ မိနစ် ၂၀အကြာ စစ်ဆေးမှု အပြီးမှာတော့ သတင်းမီဒီယာတွေကို တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။

သူ့ရဲ့ ရှေ့နေကသာ မီဒီယာတွေနဲ့ ပြောဆိုခဲ့တာဖြစ်ပြီး ခရစ်ယာန် ဘုန်းတော်ကြီးအနေနဲ့ ဘာမှ ပြစ်ချက်မရှိကြောင်း လျှောက်လဲချက်ပေးခဲ့တယ်လို့သာ ရှေ့နေဖြစ်သူက ပြောခဲ့ပါတယ်။

တရားသူကြီးကတော့ အမှုအတွက် အထောက်အထားတွေပိုရဖို့ ရည်ရွယ်ပြီး လာမဲ့ မတ်လအထိ အမှုစစ်ဆေးမှုကို ရွှေ့ဆိုင်ခဲ့ပါတယ်။

ပဲလ်ဟာ ဒီအမှုရင်ဆိုင်ဖို့အတွက် ဗာတီကန်ရဲ့ တာဝန်တွေကနေ ခေတ္တအနားယူခွင့် ရယူခဲ့ရပါတယ်။ ဒီအမှုကို ဒုတိယ အကြိမ်မြောက် စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။

တရားရုံး ပရဝဏ်အတွင်းမှာတော့ ကာဒီနယ်ပဲလ်ကို ထောက်ခံသူတွေကော ဝေဖန်သူတွေကပါ ရောက်ရှိနေခဲ့ကြပြီး ပဲလ်ကတော့ ရဲအစောင့်အရှောက်နဲ့ လူအုပ်အကြားကနေ ဖြတ်ပြန်ခဲ့ရပါတယ်။

ကာဒီနယ်ပဲလ်ရဲ့ အမှုကို ကမ္ဘာတလွှား စိတ်ဝင်စားသူတွေများနေပြီး ကာဒီနယ်ပဲလ်ဟာ ဗာတီကန်မှာ တတိယမြောက်အမြင့်ဆုံး ရာထူးဆက်ခံဖို့အတွက် ထည့်သွင်းစဉ်းစားမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။