အစ္စလာမ်ဘာသာဝင် ဈေးမရောင်းရ တားမြစ်ခံရမှု ဥပဒေအရ အရေးယူဖို့လို

  • 7 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရွှေတိဂုံဘုရား စောင်းတန်းတနေရာကို တွေ့ရစဉ်

ရွှေတိဂုံဘုရားအနီး ငုံးဥပြုတ်ရောင်းချနေတဲ့ အသက် (၆၀) အရွယ် အစ္စလာမ်ဘာသာဝင်တစ်ဦးကို ဈေးမရောင်းဖို့ သံဃာ (၂)ပါးနဲ့ လူပုဂ္ဂိုလ်တစ်ချို့ကနေ တားမြစ်တာတွေ ရှိခဲ့ပါတယ်။

ရွှေတိဂုံဘုရား အရှေ့ဖက်မုခ် စောင်းတန်းခြေရင်းမှာရှိတဲ့ ဆိုင်တန်းတွေရှေ့လမ်းမပေါ်မှာ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးကနေ ငုံးဥပြုတ် ရောင်းချတာကို မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့က သံဃာ (၂)ပါးနဲ့ လူပုဂ္ဂိုလ်(၂)ဦးကနေ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်ဖြစ်သလားလို့ မေးမြန်းပြီးတဲ့နောက် ဈေးရောင်းဖို့ တားမြစ်ခဲ့ပြီး မသွားရင် ရဲနဲ့ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

အစ္စလာမ်ဆိုဈေးမရောင်းနဲ့ဆိုပြီး မောင်းထုတ်ခဲ့တာဖြစ်ပြီး မောင်းထုတ်ခံရသူအနေနဲ့ကတော့ ဒီဖြစ်စဉ်အပေါ် စိတ်မကောင်းဖြစ်ရုံကလွှဲပြီး တရားစွဲဆို တိုင်တန်းတာတွေတော့ လုပ်မှာ မဟုတ်ဘူးလို့ ဈေးရောင်းတာ တားမြစ်ခံရတဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသားကို သွားရောက်တွေ့ဆုံခဲ့တဲ့ အဓ္ဓမဝါဒဆန့်ကျင်ရေးကော်မတီ ဥက္ကဌ ဦးမြတ်ကျော်က ဘီဘီစီကို ပြောပါတယ်။

ဘုရားဝန်းကျင်အနီးတဝိုက် ဈေးရောင်းချခွင့် ကန့်သတ်နေတဲ့ မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့ကတော့ သံဃာတွေအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေကိုပဲ ကန့်သတ်တာ ဖြစ်ပြီး တခြားဘာသာခြားတွေကို မကန့်သတ်ထားဘူးလို့ ပြောပါတယ်။

ဒီလိုနေရာကို ဒီအသံတွေထွက်ချင်လို့ သူတို့က တမင်လာနေတာလို့ပဲ ယူဆကြောင်းနဲ့ မွတ်ဆလင်တွေက ကမ္ဘာမှာလည်း သူတို့ပဲ အကြမ်းဖက်နေတာပြီး ဒီလိုအန္တရာယ်တွေ ကြုံတွေ့ရမှာ စိုးရိမ်တဲ့အတွက် တားမြစ်ရခြင်းဖြစ်တယ်လို့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ ဦးဆောင်သံဃာတော် တစ်ပါးဖြစ်တဲ့ ဦးသုစိတ္တက ဘီဘီစီကို ပြောပါတယ်။

မျိုးချစ်ရဟန်းတော်များသမဂ္ဂများအဖွဲ့ဟာ ရွှေတိဂုံဘုရားဝန်းကျင်အနီး အစ္စလာမ်ဘာသာဝင်တွေ ဈေးရောင်းချခွင့် ပိတ်ပင်မှုတွေကို အရင်ကတည်းက လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သင်္ကြန်ကာလအပြီး နှစ်ဆန်းတစ်ရက်နေ့တုန်းကလည်း မျက်မှန်ရောင်းချတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးကို ဈေးမရောင်းဖို့ တားမြစ်ခဲ့ပါသေးတယ်။ အဲဒီ မျိုးချစ်ရဟန်းတော်အဖွဲ့ကို သံဃာ့နာယက ဆရာတော်တွေက ခေါ်ယူသြဝါဒပေးထားပြီးဖြစ်သလို ဘာသာပေါင်းစုံ အသင်းအဖွဲ့တွေကလည်း ဘာသာခြားတွေကို အခုလို ပုတ်ခတ်ပြောဆိုနေတာ မကောင်းဘူးလို့ ပြောဆိုခဲ့ပြီးဖြစ်ပေမဲ့ ဒီလို ကိစ္စရပ်တွေ ဆက်ရှိနေတဲ့အတွက် ဥပဒေအရ အရေးယူဖို့လိုတယ်လို့ ဆရာတော် ဦးပဏ္ဍာဝံသက ဘီဘီစီကို မိန့်ကြားပါတယ်။

ဗဟန်းမြို့နယ် ရဲမှူးကတော့ ဘုရားဝန်းကျင်အနီးတဝိုက် ဈေးရောင်းခွင့်နဲ့ ပတ်သက်လို့ ဥပဒေအရ တားမြစ်ထားတာ မရှိသလို တားမြစ်ခံရသူတွေ ဖက်ကလည်း စခန်းမှာ လာရောက်အမှုဖွင့်တာ မရှိတဲ့အတွက် အရေးယူဆောင်ရွက်တာတွေ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။ ဈေးရောင်းချခွင့် ပိတ်ပင်တာ နဲ့ ပတ်သက်လို့တော့ ဝေဖန်မှုတွေရှိနေပြီး ထပ်မံ ပိတ်ပင်ကန့်သတ်တာတွေ လုပ်ပြီး ပြဿနာ ကြီးထွားလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။