ဝိုင်းမော်မှာ KIA တပ်သားစုဆောင်းတဲ့အထဲက ၆ ဦး ပြန်လွတ်

  • 7 အောက်တိုဘာ 2017
Image caption ယခင်ကလည်း KIA ရဲ့ အခုလို တပ်သားစုဆောင်းမှုတွေ ရှိခဲ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ဆိုင်လော်ကျေးရွာအပါအဝင် ကျေးရွာအချို့မှာ ပြီးခဲ့တဲ့ အပတ်က ကချင် လွတ်လပ်ရေး တပ်မတော် KIA က တပ်သားသစ် စုဆောင်း ခေါ်ဆောင်သွားခဲ့တဲ့ လူ ၄၀ ဝန်းကျင်ထဲက ၆ ဦးကို KIA က အောက်တိုဘာလ ၆ ရက်နေ့ညက ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုလို ပြန်လွှတ်ပေးလိုက်သူတွေဟာ သီတင်းကျွတ်ပွဲတော်အတွက် ဘုန်းကြီးကျောင်း တကျောင်းမှာ ဝေယျာဝစ္စလုပ်အပြီး ပြန်ဖို့ လုပ်နေတုန်းမှာ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရှမ်းလူငယ် ၆ ယောက် ဖြစ်ပါတယ်။

သူတို့ ကူညီပေးခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ရဲ့ အကြောင်းကြားမှုကြောင့် KIA ကို ဆက်သွယ်အပြီးမှာ အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်တဝိုက်မှာ ယခင်ကလည်း KIA ရဲ့ အခုလို တပ်သားစုဆောင်းမှုတွေ ရှိခဲ့ဖူးပြီး မလိုလားတဲ့ ဒေသခံတွေက အကူအညီတောင်းခံလာရင် KIA ကို အကြောင်းကြားပေးရကြောင်းကိုလည်း သူက ပြောပါတယ်။

အခုလို အလိုဆန္ဒအရမဟုတ်ပဲ KIA ရဲ့ တပ်သား စုဆောင်း ခေါ်ဆောင်မှုတွေကို ဒေသခံတွေက မကျေနပ်ကြတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်လေ့ရှိပါတယ်။