ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ကုလသမဂ္ဂနဲ့ မေးမြန်းခန်း

  • 10 အောက်တိုဘာ 2017
Image caption အရေအတွက် တဟုန်ထိုး မြင့်လာပြန်

မြန်မာ နိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာသူတွေ ပြီးခဲ့တဲ့ သီတင်းပတ်နဲ့စာရင် အခု သီတင်းပတ်ထဲ အရေအတွက် တဟုန်ထိုး မြင့်လာပြန်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်၊ တနင်္လာနေ့က ရိုဟင်ဂျာ ဒုက္ခသည် တစ်သောင်းကျော် ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာကြတယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။

နယ်မြေ ရှင်းလင်းရေးတွေ အခု လတ်တလော မရှိတော့ပဲ တည်ငြိမ်မှု ရှိနေပြီလို့ မြန်မာ အစိုးရက ပြောနေတဲ့ အချိန်မှာ ရိုဟင်ဂျာတွေ အခုလို ဆက်လက် ထွက်ခွာနေကြတာဖြစ်ပါတယ်။

ရောက်လာကြသူတွေက ဘယ်လိုတွေ ထွက်ဆိုကြတာမျိုး ရှိသလဲ ဆိုတာကို ဘင်္ဂလားဒေ့ရှ်ထဲက UNHCR ရုံးရဲ့ ပြောရေးရ ယန်တီ အစ္စမေးကို ဘီဘီစီက ဆက်သွယ် မေးကြည့်ထားပါတယ်။

ယန်တီ အစ္စမေး။ ။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့သူတချို့ကို ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်က ကိုယ်တိုင်တွေ့ဆုံ စကား ပြောခဲ့ သလို၊ ကျွန်မ ကိုယ်တိုင်လည်း ဒုက္ခသည် မိသားစုနဲ့ တွေ့ခဲ့ပါတယ်။

ကျွန်မ တွေ့ခဲ့တဲ့ မိသားစုက ဘူးသီးတောင် ကနေ ၁ဝ ရက်ကြာအောင် ထွက်ပြေး လာရပြီး အောက်တိုဘာ ၁ဝ ရက်နေ့ မနက် စောစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ကို ရောက်လာကြတာပါ။

သူတို့ အပေါ် နှိပ်ကွပ်မှုတ ရှိလို့ ထွက်ပြေး လာရတယ်၊ နေအိမ်တွေ မီးရှို့ခံရတယ် စသဖြင့် သူတို့ ပြောတဲ့ အကြောင်း အရာတွေကတော့ ကျန်တဲ့သူတွေ ပြောတာနဲ့ အားလုံး အတူတူပါပဲ။

ကျွန်မတွေ့ခဲ့ရတဲ့ မိသားစုထဲက အမျိုးသမီး ဆိုရင် လမ်းမှာတင် မီးဖွားခဲ့လို့ ဒီဘက်ကို ရောက်လာတာနဲ့ အရေးပေါ် ဆေးဝါး ကုသပေးဖို့ လုပ်ခဲ့ရ ပါတယ်။

တခြားသူတွေလည်း ထွက်ပြေးလာတဲ့ လမ်းခရီးမှာ ပင်ပန်း ဆင်းရဲပြီး စားစရာမရှိ သောက်စရာ ရေပြတ်လပ် ခဲ့တဲ့ အခြေအနေတွေ ကြုံခဲ့ကြ ရပါတယ်။

Image caption ပဋိပက္ခတွေကြောင့် ပြန်ဖို့ စိုးရိမ်နေကြ

ဘီဘီစီ။ ။ မြန်မာ အစိုးရ ပြောနေတာကတော့ မွတ်ဆလင် တွေက သူတို့ သဘောနဲ့ သူတို့ ထွက်သွား နေကြတာဖြစ်တယ်၊ သူတို့ အတွက် စားစရာ၊ လုံခြုံရေး အစစအရာရာ လိုအပ်တာ ပံ့ပို့ပေးပါမယ်လို့ ပြောနေတဲ့ကြားက ဘင်္ဂလားဒေ့ရှ် ဘက်က ခေါ်လို့ သွားကြတာလို့ ဆိုပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဘယ်လောက် သိရပါသလဲ။

ယန်တီ အစ္စမေး။ ။ ဒုက္ခသည်တွေ ပြောတဲ့ အချက်တွေ အရ သူတို့ မြင်ခဲ့ရတဲ့ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကြောင့် သူတို့ ပြန်ဖို့ စိုးရိမ်နေကြတာ တွေ့ရပါတယ်။

သူတို့ နေခဲ့တဲ့ နေရာမှာ ဆက်နေလို့ မဖြစ်လို့ ဒီဘက်ကို ထွက်ပြေးလာရတယ်လို့ ပြောကြပါတယ်။

တခြားက ပြောတဲ့ သတင်းတွေအတွက် စစ်ဆေးဖို့တော့ သတင်းရင်းမြစ် ကျွန်မမှာ မရှိပါဘူး။ ကျွန်မတွေ့တဲ့ သူတွေ ပြောသမျှပဲ ပြန်ပြောနိုင်ပါတယ်။

ဘီဘီစီ။ ။ အကြမ်းဖက် တိုက်ခိုက်မှုတွေ စတင် လုပ်ခဲ့တဲ့ အာဆာ အဖွဲ့က လူတွေ ဘင်္ဂလားဒေ့်ရှ် ဘက်က ဒုက္ခသည် စခန်းတွေထဲ လှုပ်ရှားတာတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော UNHCR အနေနဲ့ ဘာတွေများ ကြားသိထားတာ ရှိပါသလဲ။

ယန်တီ အစ္စမေး။ ။ ကျွန်မတို့ အခု အဓိက အာရုံစိုက် လုပ်ဆောင်နေတာဟာ လူတွေ အသက်ရှင် နေထိုင်ရေးအတွက် အဓိက လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ ဖြစ်ပါတယ်။

အရေးပေါ် အကူအညီ လိုအပ်နေတဲ့ လူပေါင်း ငါးသိန်း နှစ်သောင်း အတွက် အခြေခံ လိုအပ်တဲ့ အကူအညီတွေ ရဖို့ အတွက် ကြိုးပမ်းနေသလို ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ရော မိတ်ဖက် အဖွဲ့အစည်းတွေ နဲ့ပါ ဝိုင်းဝန်း လုပ်ဆောင်ပေးနေ ပါတယ်။

Image caption နေရာချ ထားပေးဖို့ ကျပ်ကျပ် တည်းတည်းနဲ့ စီစဉ်ပေးရ

ဘီဘီစီ။ ။ ဒီတော့ လောလောဆယ် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေက ဘယ်လို ရှိနေပါလဲ။

ယန်တီ အစ္စမေး။ ။ လူ ငါးသိန်း ပမာဏ ထွက်ပြေး လာရတာလေ၊ ဒီမှာ ရှိတဲ့ ကုလသမဂ္ဂနဲ့ ကူညီရေး အဖွဲ့တွေ၊ ဘင်္ဂလားဒေရှ် အစိုးရ အကုန်လုံးက ဒီတာဝန်ကြီးကို ဝိုင်းလုပ် နေကြရတာပါ။

ရှိပြီးသား ဒုက္ခသည်တွေ အပြင် ထပ်ရောက် လာသူတွေ အတွက် နေရာချ ထားပေးဖို့ ကျပ်ကျပ် တည်းတည်းနဲ့ စီစဉ်ပေးရတယ်။ နောက် ရေသန့်နဲ့ သန့်ရှင်းမှု ရှိဖို့ အပြင်၊ ကူးစက်ရောဂါ ဖြစ်နေတာတွေ လျော့ကျ အောင် သူတို့ အသက်ကို ကယ်နိုင်ဖို့ အဓိက ထားပြီး လုပ်နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ