ဘာသာပေါင်းစုံ ဆုတောင်းပွဲလူသောင်းချီတက်

  • 10 အောက်တိုဘာ 2017
Image caption ဘာသာပေါင်းစုံ ဆုတောင်းပွဲ

ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အောင်ဆန်းကွင်းမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲဟာ ၂၀၁၀ နောက်ပိုင်း အခမ်းအနားတွေမှာ ပရိသတ် အများဆုံး တက်ရောက်တဲ့ပွဲဖြစ်ပါတယ်။

တက်ရောက်ကြသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆိုင်းဘုတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ဆောင်ထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်မှုနဲ့သာ ရခိုင်ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း အခုလို ထောက်ခံမှုတွေကြောင့် နိုင်ငံတကာဖိအားတွေ လျော့သွားအောင် တဖက်တလမ်းက အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ကြောင်း တက်ရောက်သူ တွေကပြောပါတယ်။

ရန်ကုန်တိုင်း သံဃာ့မဟာ နာယက ဆရာတော် ဒေါက်ဘဒ္ဓန္တ ဣဒ္ဓိဗလ ကတော့ သူတပါးရဲ့ အပြစ်ကို ကြည့်ပြီး ပြောနေတိုင်း ငြိမ်းချမ်းရေး မရနိုင်ပဲ မိမိ အပြစ်ကို မိမိမြင်ပြီး ငြိမ်းချမ်းမှသာ ကိုယ်တိုင်လည်း ငြိမ်းချမ်းပြီး နိုင်ငံသူ နိုင်ငံသား ကမ္ဘာသူ ကမ္ဘာသားအကျိုး ဆောင်ရွက်မယ်လို့ မိန့်ကြား ဟောပြောခဲ့ပါတယ်။

အစ္စလာမ်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ အာကာဘတ်မိုလီနီလိုမိုဒီကတော့ ဒေသအချို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အသက်ဆုံးရှုံးခဲ့သူတွေ ကလေးတွေ ထွက်ပြေး တိမ်းရှောင် နေရသူတွေအတွက် အထူးပဲ ဝမ်းနည်း ကြေကွဲရတယ်လို့ ဆိုပါတယ်။ မွတ်ဆလင်ရဲ့ အဓိပ္ပာယ်ကိုယ်တိုင်က ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ ငြိမ်းချမ်းရေးကို လိုလားသူလို့ အဓိပ္ပာယ်ထွက်တယ်လို့ ဆိုပြီး ငြိမ်းချမ်းမှုကို ပျက်ပြားစေမှုကို အစ္စလာမ်ဘာသာက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအခမ်းအနားမှာ ရိုမန်ကက်သလစ် ခရစ်ယာန် ကာဒီနယ်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်ဘို အပါဝင် ဟိန္ဒူနဲ့ မဟာယာန ဗုဒ္ဓဘာသာရေး ခေါင်းဆောင်တို့ကလည်း ဆုတောင်း မေတ္တာပို့သခဲ့ကြပါတယ်။

ထောက်ခံပွဲနဲ့ ဆုတောင်းမှု လုပ်ရုံနဲ့ဘာသာ ပေါင်းစုံအကြား ချစ်ကြည်ဖို့နဲ့ နိုင်ငံတကာ ဖိအားလျော့ဖို့ မဖြစ်နိုင်ဘူးလို့ ယနေ့ ခေတ်နိုင်ငံရေး မဂ္ဂဇင်းက တာဝန်ခံ အယ်ဒီတာ ဦးသက်ဇင်က ပြောပါတယ်။ လုပ်သင့် လုပ်ထိုက်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာကို ပြတ်သားတဲ့ သတင်းစကားမျိုး ပြောကြားဖို့နဲ့ ပြည်တွင်းမှာလည်း ရခိုင်ကိစ္စကို ဘယ်လိုကိုင်တွယ် နေတယ်ဆိုတာ ရှင်းလင်းပြတ်သားစွာ ချပြဖို့လိုတယ် လို့ဆိုပါတယ်။

အဓိကဆောင်ရွက်ရမယ့်ကိစ္စက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်လည်နေရာ ချထားရေးလို ကိစ္စတွေကလည်း အလေးထား ဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီချုပ်ကနေ ဦးဆောင်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို မန္တလေး ၊ မုံရွာ ၊ စစ်ကိုင်းနဲ့ မော်လမြိုင် မြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။