မြန်မာ အခြေစိုက် ကုလ ကိုယ်စားလှယ် ပြန်ခေါ်ခံရ

  • 11 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် UNDP
Image caption Renata Lok-Dessallien

မြန်မာနိုင်ငံမှာ တာဝန်ထမ်းနေတဲ့အဆင့်မြင့် ကုလသမဂ္ဂ အရာရှိကို New York ဌာနချုပ်ကို ပြန်ခေါ်လိုက်ကြောင်း ကုလသမဂ္ဂကပြောပါတယ်။

ကနေဒါနိုင်ငံသား UN Resident and Humanitarian Coordinator Ms Renata Lok-Dessallien ကိုပြန်ခေါ်ခံရတာဖြစ်ပါတယ်။

ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ထိလွယ်ရှလွယ်ဖြစ်လို့ မြန်မာအစိုးရနဲ့ မျက်နှာမပျက်ရအောင် ဌာနထဲမှာ မဆွေးနွေးဖို့ Ms Dessallienက အချိန်အတော်ကြာ တားမြစ်ထားတယ်လို့ ဘီဘီစီက ပြီးခဲ့တဲ့လကစုံစမ်း ဖေါ်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် လူနည်းစုတွေအပေါ် အစိုးရစစ်တပ်က ညှဉ်းပန်း နှိပ်စက်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေတဲ့ ဒေသတွေကိုလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ မသွားအောင်သူအားထုတ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၂ပတ်ကတော့ သူ့အပေါ်ယုံကြည်မှု အပြည့်အဝရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကပြောကြားခဲ့ပါသေးတယ်။

ဘီဘီစီရဲ့တွေ့ရှိချက်ကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးကတော့ Ms Dessallienရဲ့ ရိုဟင်ဂျာကိစ္စ ကိုင်တွယ်ပုံကို ခုခံချေပ ထားပြီး အခု ဌာနချုပ်က ပြန်ခေါ်တာက လည်းဌာနတွင်း အပြောင်းအရွှေ့နဲ့ ရာထူးဆက်ခံတဲ့ အစီအစဉ်ကြောင့် ဖြစ်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံကနေ အောက်တိုဘာလကုန်မှာ သူထွက်ခွာရမှာဖြစ်လို့ ရာထူးရွှေ့ ပြောင်းတာဟာ ကုလသမဂ္ဂ စံနှုန်းအနေနဲ့ ကြည့်မယ် ဆိုရင်တောင် အလွန်မြန် တယ်လို့ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့ တလခွဲလောက် အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၅သိန်းထွက်ပြေးတာကို ကြည့်ရင်မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့ဟာ အလုပ်ဖြစ်သလား မဖြစ်သလား ဆိုတာပိုပြီး အာရုံစိုက်စရာ ဖြစ်လာရတယ်လို့ ဘီဘီစီ သတင်းထောက် Jonah Fisher ကပြောထားပါတယ်။