ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ရိုဟင်ဂျာ အစီရင်ခံစာ ထွက်

  • 11 အောက်တိုဘာ 2017

ရိုဟင်ဂျာတွေ အားလုံးကို မြန်မာနိုင်ငံထဲကနေ အပြီးတိုင် မောင်းထုတ်ပစ်နိုင်ဖို့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက လုပ်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ အစိုးရ လုံခြုံရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေဟာ အင်မတန် ရက်စက်ပြီး စနစ်တကျ ပြုမူခဲ့တာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ပြင်းပြင်းထန်ထန် စွပ်စွဲထားပါတယ်။

ဒါ့အပြင် ကိုယ့်ရပ်ရွာ နေအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေ နေရပ် လုံးဝ ပြန်လာလို့ မရအောင် သူတို့ရဲ့ ကျေးရွာတွေက စလို့၊ စိုက်ထားပျိုးထားတွေ အဆုံး အားလုံးကို ဖျက်စီးပစ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရောက်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကုလသမဂ္ဂ ဝန်ထမ်းတွေက တွေ့ဆုံ မေးမြန်းရာကနေ သိရှိလာတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီး အခု အစီရင်ခံစာကို ထုတ်ပြန်တာလို့ ဆိုပါတယ်။

မွတ်ဆလင်ရွာတွေကို ဝင်တဲ့အခါ လက်ကိုင် လော်စီပီကာ သုံးပြီး အသိပေး ကြေညာတာတွေ၊ ပြောဆို ဆက်ဆံတာတွေ ရှိပေမယ့် အစီရင်ခံစာမှာ ပြောထားသလိုမျိုး ရန်မူ ခြိမ်းခြောက်တာမျိုး မရှိခဲ့ဘူးလို့ ရဲမှူးကြီး စိုးမြင့်ဦးက ပြောပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းတဲ့ အခါမှာ သူ့အနေနဲ့ အစီရင်ခံစာကို မဖတ်ရသေးတဲ့ အတွက် မှတ်ချက် တစုံတရာ မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂျနီဗာကို သွားပြီး ကုလသမဂ္ဂနဲ့ တကွ နိုင်ငံတကာကို ရခိုင်ပြည်နယ် အကြပ်အတည်း အကြောင်း ရှင်းပြ ခဲ့ပြီး ရက် အနည်းငယ် အတွင်းမှာပဲ အခုလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထွက်လာတာ ဖြစ်ပါတယ်။