ကုလအဆင့်မြင့်အရာရှိ မြန်မာကိုသွားမယ်

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မောင်တောဒေသက မြိုတိုင်းရင်းသားများ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးဖို့ ကုလ သမဂ္ဂ အဆင့်မြင့် အရာရှိ တစ်ယောက် မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ ကုသလမဂ္ဂက ထုတ်ပြန် ပြောဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးက နိုင်ငံရေးရာ အဆင့်မြင့် အရာရှိ Jeffrey Feltman ဂျက်ဖရီ ဖဲလ်တ်မန် ရဲ့ လေးရက်တာ ခရီးစဉ် ဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ် အသေးစိတ်နဲ့ ပတ်သက်လို့တော့ လောလောဆယ် မသိရသေးပါဘူး။

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ် တပ်မတော်က စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အောက်တိုဘာ ၁၁ ရက်နေ့က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်း၃၀ ကို ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်ရဲ့ စစ်ဆင်ရေးတွေ အတွင်း သိန်းနဲ့ချီတဲ့သူတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရကတော့ စက်တင်ဘာ လဆန်း ကတည်းက စစ်ဆင်ရေးတွေ မရှိတော့ဘဲ တိုက်ပွဲတွေလည်း မရှိတော့ကြောင်းနဲ့ ထွက်ပြေးသွားကြသူတွေဟာ သူတို့ ကို လိုအပ်တာတွေ ပံ့ပိုးကူညီမယ်၊ လုံခြုံရေး အာမခံချက်ပေးမယ်လို့ ပြောတဲ့ကြားက တားမရဘဲ သူတို့ သဘောဆန္ဒအရ အေးအေးဆေးဆေး သွားကြတာသာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးကတော့ တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိဆိုတာ သူ့အနေနဲ့ မသိကြောင်းပြောပါတယ်။

သူနဲ့ ကိုယ်တိုင် ထိတွေ့ ပြောဆိုနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ ကတော့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိတယ်လို့ တစုံတရာ ပြောတာ မရှိဘူးလို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုပိုမို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေရေး အတွက် နိုင်ငံတော် စီမံချက်အနေနဲ့ ချမှတ် လုပ်ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။