ကယားမှာ ငြိမ်းချမ်းရေး အဖွဲ့ က မြေသိမ်းနေကြောင်း ဒေသခံတွေပြော

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အမိန့် အာဏာနဲ့ သိမ်းယူမှု ဖြစ်တယ်လို့ ဒေသခံတွေကပြော

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ထူဒူငံသကျေးရွာရှိ ဥယျာဉ်ခြံမြေ ထဲက နေအိမ်တလုံးကို ရဲတပ်ဖွဲ့ဝင် တွေရဲ့ အကူအညီနဲ့ ပြည်နယ် အခြေ စိုက် ကရင်နီ အမျိုးသားဒီမိုကရက်တစ်ပါတီ (ခေါ်) နဂါးအဖွဲ့က အောက်တိုဘာ ၁၂ ရက်က လာရောက်ဖျက်သိမ်းခဲ့ပါတယ်။

ဒီလို အင်အားပြ လူစုနဲ့ ဥယျာဉ်မြေထဲက အဆောက်အအုံတွေကို ဖျက်ဆီးပြီး မြေယာတွေကို လာရောက်သိမ်းယူတာက အောက်တိုဘာလအတွင်း ၃ ကြိမ် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ထူဒူငံသ ကျေးရွာက ဥယျာဉ်ခြံမြေတွေဟာ ဘိုးဘွား အစဉ်အဆက် ဓားမဦးချ လုပ်ကိုင်လာတဲ့ မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ခွဲထွက်လာပြီး ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (ခေါ်) နဂါးအဖွဲ့ အတွက် ဆိုပြီး အရင် အစိုးရက လွိုင်ကော် မြို့တွင်းက ဥယျာဉ်ခြံမြေ တချို့ကို နှုတ်မိန့်နဲ့ ပေးခဲ့ တယ်လို့ ဒေသခံတွေ က ပြော ပါတယ်။

အခု အသိမ်းခံလိုက်ရတဲ့မြေတွေဟာ ဘိုးဘွားပိုင်မြေတွေဖြစ်ပြီး ဥပဒေအရ အမည်ပေါက် ပိုင်ဆိုင်ခွင့် လက်မှတ်မရှိတဲ့အပေါ် အမိန့် အာဏာနဲ့ သိမ်းယူမှု ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သက်ဆိုင်ရာအုပ်ချုပ်သူထံ သတင်းပို့တိုင်ကြားခဲ့ပေမယ့် ဆောင်ရွက် ပေးခြင်းမရှိဘဲ ခြိမ်းခြောက်မှု ဖိအားပေးမှုတွေလုပ်ဆောင်လာတယ်လို့ ဥယျာဉ်ခြံ အသိမ်းခံရသူ ဒေါ်နော်မူအေးက ပြောပါတယ်။

အခု ကိစ္စဟာ ဥပဒေကို နားမလည်တဲ့ ဒေသခံတွေဆီက အာဏာပြ မြေယာ သိမ်း ယူခဲ့ပြီး၊ နဂါးအဖွဲ့ ပိုင်ဆိုင်တဲ့ မြေပုံစံလုပ်ပြီး ရဲတပ်ဖွဲ့ကပါ ပူးပေါင်း ကူညီ နေတာ က လူ့အခွင့်အရေးချိုးဖောက်မှုတခုဖြစ်တယ်လို့ ကယား ပြည်နယ် အတွင်းက အတိုက်အခံနိုင်ငံရေးပါတီတွေက ဝေဖန်ပြောဆိုပါတယ်။

ဒီပြဿနာ တွေကို လက်ရှိပြည်နယ် အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက အရေးယူမှု တစ်စုံ တစ်ရာ မရှိဘဲ အသံတိတ် နုတ်ဆိတ်နေကြတယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီထူး က ပြစ်တင် ဝေဖန် ပါတယ်။

နဂါးအဖွဲ့က ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့လည်း ဖြစ်တာကြောင့် ထိပ်တိုက် ပြောဆိုဖို့ အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့တွေက ပြောနေကြပါတယ်။

ပြည်သူကရွေးချယ်တင်မြှောက်ပေးထားတဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ဒီကိစ္စတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ် ဖြေရှင်းပေးသင့်တယ်လို့ ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။