အီးယူ သံအမတ်ကို နှင်ထုတ်မယ်လို့ ဒူတာတေး ခြိမ်းခြောက်

  • 13 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မူးယစ်တိုက်ဖျက်ရေးမှာ လူတွေသေဆုံးခဲ့မှုကြောင့် ဒူတာတေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိလာ

အီးယူဥရောပ သမဂ္ဂဟာ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သံအမတ်အနေနဲ့ ဖိလစ်ပိုင်ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေရှိနေတယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

၂၄ နာရီအတွင်း နိုင်ငံကနေ နှင်ထုတ်မယ်လို့ ဒူတာတေးက ခြိမ်းခြောက်ပြောဆိုခဲ့သလို အီးယူအနေနဲ့ ကုလသမဂ္ဂကနေ ဖိလစ်ပိုင်နှုတ်ထွက်အောင် လျှို့ဝှက်ကြံစည်ခဲ့တယ်လို့လည်း ဒူတာတေးက စွပ်စွဲပြောဆိုပါတယ်။

ဒါပေမဲ့ ဘယ်လိုကြံစည်ခဲ့သလဲဆိုတာ ဒူတာတေးအနေနဲ့ သက်သေအထောက်အထားတွေကိုတော့ ပြသနိုင်ခြင်းမရှိပါဘူး။

အနောက်တိုင်း သံတမန်တွေက ဒူတာတေးရဲ့ အငြင်းပွားဖွယ် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဝေဖန်ခဲ့ပြီးနောက် အခုလို တန်ပြန် ဝေဖန်မှုကို ဒူတာတေးက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အီးယူရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ သူတို့အနေနဲ့ ပူးပေါင်းကြံစည်ခဲ့မှု မရှိဘူးလို့ ပြောပါတယ်။ ဒူတာတေးရဲ့ မိန့်ခွန်းထဲမှာတော့

ကျွန်တော်တို့ဟာ အတိတ်က ကိုလိုနီနိုင်ငံဟောင်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့က ကုလသမဂ္ဂကနေ ဖယ်ကြဉ်ခံရမှာလားလို့ ဒူတာတေးက မေးခွန်းထုတ်သလို ရင့်သီးစွာလည်း ဆဲဆိုခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အရေးကိစ္စတွေမှာ သူတို့ဟာဝင်ရောက်စွက်ဖက်ကြတယ်။ ဒါဟာကျွန်တော်တို့ ဆင်းရဲတာကြောင့်ပါ။ သူတို့ဟာ ကျွန်တော်တို့ကို ငွေပေးတယ် အဲလိုပေးပြီးတာနဲ့ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ရပ်တွေ စတင်တော့တာပါပဲ။ ခင်ဗျားတို့အားလုံး ၂၄ နာရီအတွင်း နိုင်ငံကနေထွက်သွားပါ လို့ ဒူတာတေးက သံတမန်ကို ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စွပ်စွဲမှုတွေမှာ နောက်ခံအကြောင်းအရာတွေနဲ့ အထောက်အထားတွေ မပါဝင်ပါဘူး။

အီးယူကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဖိလစ်ပိုင်ကို အောက်တိုဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့က လာခဲ့တဲ့ သံတမန်အဖွဲ့တွေဟာ တိုးတက်တဲ့နိုင်ငံများရဲ့ မဟာမိတ်အဖွဲ့အနေနဲ့သာ လာရောက်ခဲ့တာဖြစ်ပြီး အီးယူ ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့မဟုတ်ဘူးလို့ ဖော်ပြထားပြီး တချို့မီဒီယာတွေဟာ အီးယူလို့ မှားယွင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သံတမန်အဖွဲ့မှာ ဆွီဒင် ၊ ဂျာမနီ ၊ အီတလီ ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့က ကိုယ်စားလှယ် ၇ ဦးပါဝင်တာပါ။

အီးယူနဲ့ ဖိလစ်ပိုင်အကြား အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နယ်ပယ်အများအပြားမှာ ရှိခဲ့ပြီး ကုလသမဂ္ဂနဲ့ သက်ဆိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပါဝင်တယ်လို့ အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ အီးယူကို ဒီလို ပြင်းပြင်းထန်ထန် ပြောဆိုမှုဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပဲ အီးယူက ဒူတာတေးရဲ့ အငြင်းပွားဖွယ်မူးယစ်တိုက်ဖျက်မှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတုန်းကလည်း ဒူတာတေးဟာ အီးယူကို အပြင်းအထန် ပြောဆိုခဲ့ဖူးပါတယ်။

မစ္စတာ ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်မှု လုပ်ငန်းတွေအတွင်း တရားခွင်စစ်ဆေးခြင်းမရှိပဲ လူတွေအမြောက်အမြား သေဆုံးခဲ့မှုအပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချမှုတွေလည်း ရှိနေပါတယ်။

မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအတွင်း လူ ၃၈၅၀ သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။