ရခိုင်မြောက်ပိုင်း အပြည့်အဝ မီးလင်းရေး စီစဉ်နေ

  • 13 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၃၀ % ကသာ လျှပ်စစ်မီးအသုံးပြုနိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် ၃ ခု နဲ့ ကျေးရွာပေါင်း ၄၄ ရွာမှာ လာမယ့် ၂၀၁၈ ခုနှစ် အကုန် ရောက်ရင် လျှပ်စစ်မီး အပြည့်အဝရရှိတော့မယ်လို့ လျှပ်စစ် နဲ့ စွမ်းအင် ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေး စီမံကိန်းဟာ အခု လတ်တလော ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသတွေကို အဓိကရည်ရွယ်ထားတာပါ။

ဒီ စီမံကိန်းကို အရင် လွှတ်တော် သက်တမ်းကတည်းက စတင်ခဲ့တာ ဖြစ်ပေမယ့် အခု အချိန်မှာတော့ အကောင်အထည်ဖော်နိုင်တော့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က ကျေးရွာပေါင်း ၁၈ ရွာ၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာပေါင်း ၁၁ ရွာနဲ့ မောင်တော မြို့နယ်က ကျေးရွာပေါင်း ၁၅ ရွာမှာ လျှပ်စစ်မီးလင်းဖို့ကို မဟာဓာတ်အားလိုင်းကနေ သွယ်တန်းပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှာ ဖြစ်တယ်လို့ ဒီစီမံကိန်းကို ကိုင်တွယ်ဆောင်ရွက်နေသူတွေထဲက တဦးဖြစ်သူ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယ အင်ဂျင်နီယာချုပ် ဦးသူရအောင်ဘိုက ဘီဘီစီကို ပြောပါတယ်။

ဓာတ်အားခ နှုန်းထားတွေကိုလည်း ပြည်မကြီးမှာ ကောက်ခံနေတဲ့ နှုန်းထားတွေနဲ့ အတိုင်း ပေးဆောင်ရမယ်ဆိုတာကတော့ ကောင်းတဲ့ အလားအလာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

လောလောဆယ်မှာတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့ပေါ်တွေမှာပဲ ညဘက် ၇ နာရီကနေ မနက် ၄ နာရီအထိ လျှပ်စစ်မီးရရှိနေပြီး သုံးစွဲခ ၁ ယူနစ်ကို ၃၅၀ ကျပ်အထိ ပုဂ္ဂလိကဓာတ်အားပေးလုပ်ငန်းတွေကို ပေးဆောင်နေရတာ ဖြစ်ပါတယ်။

အစိုးရက လောလောဆယ် ကောက်ခံနေတဲ့ မီတာခ နှုန်းထားကတော့ စက်မှုလုပ်ငန်းသုံး ဆိုရင် ၁ ယူနစ်ကို ၇၅ ကျပ်၊ အိမ်သုံးဆိုရင် ၁ ယူနစ်ကို ၃၅ ကျပ် ဖြစ်ပါတယ်။

အခု အစိုးရဝန်ကြီးဌာနရဲ့ လျှပ်စစ်မီးလင်းရေးဟာ ဒေသခံအတွက် တကယ်ပဲ အကျိုးရှိဖို့ လိုတဲ့ အပြင် ရေရှည်မှာလည်း မီးမပြတ်တောက်ရေး ပြင်ဆင် ဖို့လိုတယ်လို့ လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

ရခိုင်ပြည်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်နေပေမယ့် ပြည်ပကိုသာ ရောင်းစားနေပြီး ရခိုင်မြောက်ပိုင်းမှာ လျှပ်စစ်မီး ရတာက ၁၀ ရာခိုင်နှုန်းတောင် မရှိဘဲ ဖြစ်နေတဲ့ အခြေအနေကိုလည်း သူက ထောက်ပြပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနဘက်ကတော့ ဒီဒေသတွေမှာ ၆၆ ကေဘီ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ တည်ဆောက်နေပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖို့ လုပ်ငန်းတွေ စနေပြီလို့ ပြောပါတယ်။

ဒီစီမံကိန်းအတွက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနဲ့ ကွပ်ကဲရေးဦးစီးဌာနက ငွေကျပ် ၅.၇၅ ဘီလျံနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ငွေကျပ် ၁၃ ဘီလျံ ကျခံ သုံးစွဲဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဘီဘီစီ တဝန်း