ကုလ နိုင်ငံရေးရာအကြီးအကဲ မြန်မာပြည်ရောက်

  • 13 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာအကြီးအကဲ မစ္စတာ ဂျက်ဖရီ ဖဲလ်မန်

ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာအကြီးအကဲ မစ္စတာ ဂျက်ဖရီ ဖဲလ်မန် Jeffrey Feltman ဟာ လေးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့က ရောက်ရှိနေပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးခွင့်ရဖို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေ နေရပ်ကို ကိုယ့်သဘောနဲ့ကိုယ် လုံလုံခြုံခြုံ၊ သိက္ခာရှိရှိနဲ့ ပြန်နိုင်ရေး စတာတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပြီးနောက်ပိုင်း အဲဒီ အရေးကြီးကိစ္စတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ မစ္စတာ ဂျက်ဖရီ ဖဲလ်မန် လာရောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ခရီးစဉ် အသေးစိတ်ကို မသိရသေးပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အောက်တိုဘာ ၁၁ ရက်နေ့က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တွေအပေါ် တပ်မတော်က စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။

အခုလို ကုလသမဂ္ဂ အဆင့်မြင့်အရာရှိကြီးတဦး လာရောက် ဆွေးနွေးတယ် ဆိုတော့ အကျိုးပြုတဲ့ အဖြေများ ရရှိနိုင်တယ်လို့ သံအမတ်ကြီးဟောင်းလည်းဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးဝင်းမရက သုံးသပ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ လာရောက်မှာကို အစိုးရက လက်မခံဘူးလို့ ပြောထားပေမယ့် အနေအထားတွေက ပုံသေကြည့်လို့ မရဘူးလို့ မြင်ကြောင်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်နိုင်ငံကြား ထိတွေ့ဆွေးနွေးဖို့က အရေးကြီးဆုံးဖြစ်ကြောင်း၊ အဲဒီဆွေးနွေးမှုတွေကနေ အခြေအနေတွေ တိုးတက် ကောင်းမွန် လာတယ်ဆိုတာ လက်တွေ့ ပြနိုင်ရင် ဝေဖန်မှုတွေ လျော့နည်သွားနိုင်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ဦးဆောင်တဲ့ ကိုဖီအာနန်ကိုယ်တိုင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးဖို့ ရှိနေတဲ့ အတွက် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ် အခြေအနေတွေကို ကောင်းကောင်းမွန်မွန် သိရှိလာလိမ့်မယ်လို့ သံအမတ်ကြီးဟောင်းလည်းဖြစ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဝင်းမရက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်း၃၀ ကို ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်ရဲ့ စစ်ဆင်ရေးတွေ အတွင်း သိန်းနဲ့ချီတဲ့သူတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၁၂ ရက်နေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ အစိုးရက ရခိုင်အရေးနဲ့ပတ်သက်ပြီး ဦးစားပေးအနေနဲ့

(၁) လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊

(၂)ပြန်လည် နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေး၊

(၃) ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေး တို့ကို လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့ လက်ရှိ အနေအထားကို ထပ်မံမြှင့်တင်ပြီး ဆောင်ရွက်ဖို့ လိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေ ပြန်လည် လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။