ဦးကိုနီ လုပ်ကြံမှု သက်သေ ၃ဝ စစ်ဖို့ကျန်

  • 14 အောက်တိုဘာ 2017
Image caption တရားလွှတ်တော် ရှေ့နေ ဦးကိုနီ

NLD ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးမှာ အောက်တိုဘာလ ၁၃ ရက်က တရားလိုပြ သက်သေ ၅ ဦးကို စစ်ဆေးခဲ့ပါတယ်။

ဦးကိုနီ လုပ်ကြံ ခံရမှုမှာ သေနတ်သမား ကြည်လင်းနဲ့ အတူ ပါဝင် ပတ်သက်ခဲ့တဲ့ ဇေယျာဖြိုးရဲ့ ကုမ္ပဏီကို ဝင်ရှာရာမှာ ပါဝင်ခဲ့ကြသူ ရှာဖွေသက်သေ ၃ ဦးနဲ့ လေဆိပ်ဝန်ထမ်း ၂ ဦးကို စစ်ဆေး ခဲ့တာပါ။

ဗဟန်းမြို့နယ် အတွင်းက ဇေယျာဖြိုးရဲ့ ကုမ္ပဏီ ရုံးခန်းကို ဝင်ရှာရာမှာ သေနတ်အိတ် ၂ ခု၊ စာရွက်စာတမ်းတွေ၊ စကားပြောစက် ၂ လုံး၊ ဘက်ထရီ ၆ လုံးနဲ့ ဦးဝီရသူရဲ့ ဂန္ထဝင် တရားတော် အခွေကိုပါ တွေ့ရှိခဲ့တယ်လို့ တရားလိုပြ သက်သေ က ထွက်ဆို ခဲ့ပါတယ်။

ရန်ကုန်လေဆိပ်က ကားစခန်း ဝန်ထမ်း ကိုအောင်ပိုင်စိုး ထွက်ဆိုမှုကတော့ လေဆိပ် CCTV မှာ တွေ့ရှိတာနဲ့ တထပ်တည်း တူကြောင်း ဦးကိုနီအမှုမှာ ရှေ့နေ လိုက်ပေးတဲ့ တရား လွှတ်တော် ရှေ့နေ ဦးနေလက ပြောပါတယ်။

ဦးကိုနီလုပ်ကြံမှု အရေးကြီးတရားလိုပြ သက်သေကိုစစ်ဆေး

ဦးကိုနီ လုပ်ကြံခံရမှု ၁၃ ကြိမ်မြောက် ရုံးထုတ်

Image caption ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရတာ ၁ဝ လ ရှိ

ဆက်စစ်နေဆဲ

ဒီအမှုမှာ ပါဝင်ခဲ့သူ ဦးအောင်ဝင်းဇော်နဲ့ ပတ်သက်တဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေး ခဲ့အပြီး ဇေယျာဖြိုးနဲ့ ဆက်စပ် တာတွေကို စစ်ဆေးနေတာပါ။

ရုံးချိန်း စစ်ဆေးမှုတွေမှာ သေနတ်သမား ကြည်လင်းနဲ့ ပူးတွဲ တရားခံတွေ ဖြစ်တဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုး တို့ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၃ ရက် ရုံးချိန်းမှာ ဗဟန်းမြို့မ ရဲစခန်း ရဲအုပ် ၊ ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ ရန်ကုန်လေဆိပ် ကားစခန်း က ဝန်ထမ်း တဦးနဲ့ လုံခြုံရေး ကင်မရာခန်း က ဝန်ထမ်း တဦးကို စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ရုံးချိန်း တွေမှာတော့ ကျန်နေတဲ့ တရားလိုပြ သက်သေ ၃ဝ ခန့် ကို စစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်လေဆိပ်က ကားစခန်းမှာ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှု ဖြစ်တာ တနှစ်နီးပါး ရှိလာပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးနေ ပေမယ့် အမှုရဲ့ အဓိက တရားခံ တဦး ဖြစ်တဲ့ ဦးအောင်ဝင်းခိုင် ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

NLD ပါတီ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံ ခံရ

ဦးကိုနီ အမှုနဲ့ နေပြည်တော် ဖမ်းဝရမ်း ကိစ္စ