နေပြည်တော်မှာ လက်နက်တွေ ထပ်မိ

  • 16 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Ministry of Home Affairs Myanmar
Image caption ဦးဖြိုးကိုကိုတင့်ဆန်းက ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သား ဖြစ်

အောက်တိုဘာလ ၁၅ ရက်နေ့က လယ်ဝေးမြို့နယ်၊ နေပြည်တော် နိုင်ငံတကာလေဆိပ်မှာ လက်နက်နဲ့ စိတ်ကြွဆေးပြား တချို့ဖမ်းဆီးမိတဲ့ အမှုမှာ ဖမ်းဆီးခံရသူ ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်တဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲက ACE ဟိုတယ်ကို နေပြည်တော်ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေရာမှာ လက်နက်တချို့ ထပ်မံတွေ့ရှိတယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဘီဘီစီကို အတည်ပြုပါတယ်။

ဒီလို လက်နက်တွေ လက်ဝယ်ထားရှိမှုက လုံခြုံရေးအဖွဲ့အစည်းတခု တည်ထောင်မယ် ဆိုပြီး ကိုင်ဆောင်တာလို့ ထွက်ဆိုလို့ ဒီ့အတွက် တရားဝင်၊ မဝင် ဆက်လက် စိစစ်နေတုန်းပဲ ရှိတယ်လို့လည်း ရဲမှူးကြီးက ဆိုပါတယ်။

လက်ရှိမှာ ဦးဖြိုးကိုကိုတင့်ဆန်း နဲ့အတူ ဦးဇော်ဝင်းထိုက်၊ ဦးရဲမင်းဆွေ အပေါင်းအပါ နှစ်ယောက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ နဲ့ အေလာနယ်မြေ ရဲစခန်းမှာ အမှု ဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်တွေ ထပ်မိခဲ့တဲ့ ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေးမှူးရုံးဘေးက ACE ဟိုတယ်က ပြင်ပ ဧည့်သည်လက်ခံတာမျိုး မရှိဘဲ အဲဒီမှာ ဦးဖြိုးကိုကိုတင့်ဆန်းတို့ နေထိုင်နေပြီး ဟိုတယ်ပိုင်ရှင်ကလည်း ဦးဖြိုးကိုကိုတင့်ဆန်းပဲ ဖြစ်တယ်လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

လောလောဆယ် ဖမ်းဆီးရမိတဲ့ လက်နက် အရေအတွက် အတိအကျကိုတော့ စိစစ်ဆဲ ဖြစ်တယ်လို့ ရဲမှူးကြီးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ministry of Home Affairs Myanmar
Image caption သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ပြည်ထဲရေး ထုတ်ပြန်

ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်မှာတော့ ပစ္စတိုသေနတ် ၉ လက် ထက်မနည်း အပါဝင် ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု၊ အမ် ၁၆ သေနတ် လက်ကိုင်ကွင်း ၁ ခု၊ ပစ္စတိုအိတ်အနက်ရောင် ၇ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စနိုက်ပါ မှန်ပြောင်း ၁ လက် သိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ဦးသိန်းစိန် သမ္မတ လက်ထက်က အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းရဲ့ သား ဖြစ်ပြီး ACE လုပ်ငန်းစု ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ACE ကုမ္ပဏီဟာ ဆောက်လုပ်ရေး၊ ဟိုတယ်နဲ့ ခရီးသွားနဲ့ အကြီးစား စက်ပစ္စည်း လုပ်ငန်း စီးပွားတွေ ဆောင်ရွက်နေတယ်လို့ ကုမ္ပဏီရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မိသားစု စီးပွားရေး လုပ်ငန်းတွေမှာ ဝန်ကြီးဟောင်း ဦးတင့်ဆန်း ဘယ်လို ပတ်သက် ဆက်နွယ်တာတွေ ရှိသလဲ ဆိုတာတော့ မသိနိုင်ဘူးလို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ဘီဘီစီ တဝန်း