လက်နက်အပါအဝင် လုံခြုံရေး ပစ္စည်းတွေ ထပ်မံဖမ်းမိ

  • 16 အောက်တိုဘာ 2017
Image caption လက်နက်တွေ ထပ်မံ သိမ်းဆည်းမိ

နေပြည်တော် လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ လက်ဝယ် တွေ့ရှိလို့ ဖမ်းဆီးခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ဆက်စပ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်က လုပ်ငန်း၊ ရုံးခန်းတွေကို ရှာဖွေရာမှာ လက်နက်တွေ ထပ်မံ သိမ်းဆည်းမိခဲ့ပြီး အမှုနဲ့ ဆက်စပ်သူ တွေကို ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲက ACE ဟိုတယ်ကို ရဲတပ်က ဝင်ရောက်ရှာဖွေရာမှာ လက်နက်တချို့ ရှာဖွေတွေ့ခဲ့ပြီး အမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်လူ ၅ ယောက်ကို ထပ်မံ ဖမ်းဆီး ထားတဲ့ အတွက် အမှုနဲ့ ဆက်စပ်လို့ ဖမ်းဆီးခံရသူဟာ ၈ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ယောက်ကို နေပြည်တော် လေဆိပ်မှာ လက်နက် နဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းမိခဲ့ပြီး၊ နောက်ထပ် ဖမ်းဆီး ရမိသူ ၅ ဦးကတော့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ဇနီးသည်၊ ACE ဟိုတယ် မန်နေဂျာနဲ့ ကုမ္ပဏီဝန်ထမ်း တွေ ဖြစ်တယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့က ရဲမှုးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ဖမ်းဆီး ခံထားရသူတွေထဲမှာ ပါတဲ့ ဟိုတယ် မန်နေဂျာ ဆိုသူဟာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး အလိုရှိနေတဲ့ တရားခံပြေး တစ်ဦး ဖြစ်နေတယ် ဆိုပြီးတော့လည်း ရဲမှုးကြီး ဇော်ခင်အောင်က ပြောပါတယ်။

နေပြည်တော် လေဆိပ်နဲ့ ACE ဟိုတယ်ကနေ ပစ္စတိုသေနတ် ၉ လက် စုစုပေါင်း သိမ်းမိခဲ့ပြီး ၊ လက်နက်တွေနဲ့ အတူ ကျည်ကာ အင်္ကျီ စနိုက်ပါ မှန်ပြောင်း နဲ့ ကျည်ဆံတွေ တွေကိုလည်း သိမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

Image caption နေပြည်တော် လေဆိပ်မှာ ဖမ်းမိသူတွေ

ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် လေဆိပ်မှာ ဖမ်းမိခဲ့သူ (၃)ဦးကို လက်နက် ပါဝင် ပတ်သက်တဲ့ မူးယစ်ပုဒ်မ အမှုဖွင့်ထားပြီး၊ ဦးဖြိုးကိုကိုတင့်ဆန်းကိုတော့ တရားမဝင် လက်နက် ကိုင်ဆောင်မှု ပုဒ်မနဲ့ပါထပ်မံ အမှုဖွင့် ထားပါတယ်။

နေပြည်တော် လေဆိပ် ဖြစ်ရပ် အပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ မှာ ဒက္ခိဏသီရိမြို့နယ်ထဲက ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်တဲ့ နေအိမ် (၄) အိမ်ကို ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် သံသရာ ဖြစ်စရာ ထပ်မံ မတွေ့ရဘူးလို့ ပြောပါတယ်။

ရန်ကုန်မှာတော့ သာကေတမြို့နယ် ရှုခင်းသာပတ်လမ်း မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ အေစီးအီး လုပ်ငန်းစု ကုမ္ပဏီ ရုံးခန်းကို ဝင်ရောက်ပြီး (၆) နာရီကျော်ကြာ ရှာဖွေခဲ့ အပြီးမှာတော့ သေနတ် (၂) လက်နဲ့ အတူ National Security Council အထူးတပ်ဖွဲ့ (အမျိုးသားလုံခြုံရေး ကောင်စီ အထူးတပ်ဖွဲ့)လို့ တံဆိပ်တပ်ထားတဲ့ ဝတ်စုံတွေ၊ ဒရုန်းတွေ နဲ့ စကားပြောစက်တွေ အပြင် ရုံးခန်းရှေ့မှာ ရပ်ထားတဲ့ National Security Council တံဆိပ်ကပ်ထားတဲ့ ကား (၂)စီးကို လည်း ရဲတွေက သိမ်းခဲ့ပါတယ်။

Image caption အမျိုးသားလုံခြုံရေး အေဂျင်စီ အထူးတပ်ဖွဲ့

အဲဒီ အမျိုးသားလုံခြုံရေး ကောင်စီ ဆိုတဲ့ နာမည်မျိုးနဲ့ တရားဝင် အဖွဲ့မျိုး မရှိဘူးဆိုပြီး လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်နက်ကိုင်ဆောင်တာကို တင်းကြပ်တဲ့ ဥပဒေ စည်းမျဉ်းတွေ လျော့ရဲ နေပြီး အရင် အာဏာပိုင် လူကြီးတွေရဲ့ သားသမီး အသိုင်းအဝိုင်းထဲ လက်နက်တွေ ဖောဖောသီကို ကိုင်ကြတာမျိုး ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိ အချိန်မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အရပ်သား ဦးဆောင်တဲ့ အစိုးရ အနေနဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲ နေတယ်လို့လည်း သုံးသပ်နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပြည်တွင်း လုံခြုံရေးကို ဘယ်လောက် ခြိမ်းခြောက်နေပြီလဲ