နေပြည်တော် ထိပ်သီးတွေ့ဆုံပွဲ ဘာတွေ ထူးခြားခဲ့သလဲ

  • 17 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Commander in Chief's office
Image caption ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နေပြည်တော်ကို ရောက်နေတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲတွေမှာ အကျပ်အတည်းဖြစ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့အတွက် သဘောတူညီချက် အချို့လည်း ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ၂ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ နိုင်ငံတော် အဆင့် ကျင်းပခဲ့ပြီး နောက်တရက် မှာ အခုလို အစိုးရဘက်၊ တပ်မတော်ဘက်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကြား ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ရည်ရွယ်တွေ့ဆုံတာပါ။

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST) တို့ ဆွေးနွေးမှုရာမှာ သဘောတူညီချက် တချို့ရခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Commander in Chief's office
Image caption တပ်မတော် အကြီးအကဲနဲ့ တွေ့ဆုံခဲ့မှုက အပြုသဘောဆောင်လို့ တက်ရောက်ခဲ့သူတွေ ဆို

NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွေ ၂ နှစ် ပြည့်လာပြီး နောက်ပိုင်း အားသာချက်၊ အားနည်းချက်၊ ပြင်ဆင်ဖို့ လိုအပ်ချက်တွေ ပြန်လည်သုံးသပ်ရေး လုပ်တဲ့ နေရာမှာ အားလုံး သဘောတူတဲ့ သုံးသပ်ချက်နဲ့ ပြုပြင်ပြောင်းလဲလို့ ရအောင် အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ပူးတွဲ ပြန်လည်သုံးသပ်ရေး လုပ်ဖို့ ဆွေးနွေးချက်ကို တပ်မတော်ဘက်က သဘောတူညီခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ PPST ကိုယ်စားလှယ် ပအိုဝ်း အမျိုးသား လွပ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် NCA ကနေ ဖွဲ့စည်းပေးလိုက်တဲ့ အမြင့်ဆုံး အာဏာပိုင် ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူဖို့ကိုလည်း တပ်မတော်က သဘောထား ထပ်တူ ဖြစ်တယ်လို့ ခွန်ဥက္ကာက ပြောပါတယ်။

ဒီဆွေးနွေးမှုမှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပူးတွဲ သုံးသပ်မယ့် အစီအစဉ်အရ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ်မှာ ပါဝင်ခဲ့သူတွေအနေနဲ့ လာမယ့် တတိယအကြိမ် ညီလာခံ မတိုင်မီ ပူးတွဲ သုံးသပ်မှုတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ NCA ၂ နှစ်ပြည့် မိန့်ခွန်းထဲမှာ "ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စု တည်ဆောက်ရန်" ဆိုတဲ့ အချက်ပါလာတဲ့အတွက် တပ်မတော်ဘက်က သဘောထားပျော့ပြောင်းလာတယ်လို့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေက သုံးသပ်ကြတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာမှာတော့ တပ်မတော်နဲ့ ဆွေးနွေးခဲ့တဲ့ အချက်တွေထဲက အများစုပါဝင်ခဲ့ပါတယ်။ ပုံမှန်အတိုင်း ၆ လတကြိမ် ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ ဆိုတာမျိုးကိုပဲ အစိုးရဘက်က အဓိကထားပြောဆိုခဲ့တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် (PPST ) တို့ သဘောတူညီကြတဲ့ အချက်တွေကလည်း တပ်မတော်နဲ့ PPST တို့ သဘောတူခဲ့တဲ့ အချက်တွေနဲ့ ကွာဟမှု မရှိလှပါဘူး။

ငြိမ်းချမ်းရေး ဖြစ်စဉ် ပြည်လည်သုံးသပ်မှုနဲ့ တပြိုင်နက်တည်း ဘုံရလာတဲ့ အချက်အလက်တွေကို နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဆက်လက်တင်ပြပြီးတော့ အတည်ပြုတာ၊ ဆက်လက်လမ်းညွှန်တာ လုပ်မှာ ဖြစ်တယ်လို့လည်း ခွန်ဥက္ကာက ပြောပါတယ်။

အခု တွေ့ဆုံခဲ့မှုက ကောင်းမွန်တဲ့ ရလဒ်တွေ ရခဲ့တယ်လို့ ပြောနိုင်ကြောင်းလည်း သူက ဆိုပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အန်စီအေ နှစ်နှစ်ပြည့်အခမ်းအနားမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အပစ်ရပ်စာချုပ်ကို ချုပ်ဆိုထားပြီး နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပနိုင်ခဲ့ပေမယ့် စိန်ခေါ်မှုနဲ့ အားနည်းချက်များစွာ ရှိနေတယ်လို့ ဆိုသွားခဲ့ပါတယ်။

ပဋိပက္ခဖြေရှင်းရေးမှာ အရေးပါတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်မှု ကော်မတီ (JMC) ရဲ့ အားနည်းချက်တွေကို ထောက်ပြထားသလို NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တိုင်းရဲ့ နယ်မြေတွေမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့တာကိုလည်း KNU ဥက္ကဌက ထောက်ပြခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ အများကြီးကျန်နေသေးတဲ့အတွက် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျစ်ကျစ်လျစ်လျစ်နဲ့ အကောင်ထည်ဖော်ဖို့ အောက်တိုဘာလ ၁၆ ရက်နေ့ တွေ့ဆုံမှုမှာ မှတ်ချက်ပေးခဲ့တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ NCA ၂ နှစ် ပြည့် နှစ်ပတ်လည်နေ့ မိန့်ခွန်းဟာ အနည်းငယ် ပျော့ပျောင်းလာသယောင်ရှိပေမယ့် ပဋိပက္ခတွေ ရပ်နိုင်ဖို့ အပစ်ရပ်စာချုပ်မှာ အားလုံးပါဝင်နိုင်အောင် တပ်မတော်ဘက်က လမ်းဖွင့်ပေးဖို့၊ ဒါမှမဟုတ် နိုင်ငံရေးဆွေးနွေးမှုတွေ ပိုမိုအလုပ်ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်မှု ပိုများလာဖို့အတွက် အလုပ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပေါ်ပေါက်ဖို့ တပ်မတော်ဘက်က လမ်းဖွင့်ပေးဖို့ လိုတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာနေသူတွေကတော့ သုံးသပ်နေကြပါတယ်။

ဘီဘီစီ တဝန်း