ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်

  • 18 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အသစ်ပြောင်းလဲတဲ့ ဘဏ္ဍာနှစ်မှာတော့ ပွင့်လင်းရာသီမှာ စ

မြန်မာ့ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို အရင် ဧပြီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ အစား လာမယ့် ၂၀၁၈-၂၀၁၉ မှာတော့ အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်ကို ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာတော့ ဧပြီလကနေ အောက်တိုဘာလအထိ ၆ လ စာတခါနဲ့ ကျန် ၁ နှစ်စာတခါဆို ပြီး ၁၈ လစာ ရေးဆွဲဖို့ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းထားတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ညွန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင်က ပြောပါတယ်။

ကမ္ဘာပေါ်က နိုင်ငံ ရာပေါင်းများစွာကတော့ Calendar Year လို့ခေါ်တဲ့ ပြက္ခဒိန်ပြထားတဲ့အတိုင်း ဇန်နဝါရီလကနေ စတင်ပြီး သတ်မှတ်သုံးစွဲပေမယ့် မြန်မာနိုင်ငံအပါဝင် နိုင်ငံ တချို့မှာတော့ နိုင်ငံရာသီဥတုအလိုက် ကိုက်ညီတဲ့ အချိန်မျိူးကို သုံးစွဲသတ်မှတ်လေ့ရှိပါတယ်။

ဒီဘဏ္ဍာရေးနှစ်ကို ပြောင်းလဲကျင့်သုံးခါစမှာတော့ အခက်အခဲ အနည်းငယ်ရှိနိုင်မှာ ဖြစ်ပေမယ့် လက်ရှိ တွေ့ကြုံနေရတဲ့ အခက်အခဲကို ကျော်လွှားဖို့အတွက် ဒီဘဏ္ဍာရေးနှစ်ကို ပြောင်းလဲ သုံးစွဲရတာဖြစ်တယ်လို့ ညွန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင်က ပြောပါတယ်။

အရင်ဘဏ္ဍာနှစ် အတွေ့အကြုံအရ လုပ်ငန်းတွေစတဲ့အခါမှာ မိုးရာသီအစနဲ့ ကြုံနိုင်ပြီး အခု အသစ်ပြောင်းလဲတဲ့ ဘဏ္ဍာနှစ်မှာတော့ ပွင့်လင်းရာသီမှာ စနိုင်မယ်လို့ ဆိုပါတယ်။

ဒီလို ဘဏ္ဍာရေးနှစ် အပြောင်းအလဲကို ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်ကတော့ ဘဏ္ဍာရေးနှစ်ကို ဇူလိုင် ၁ရက်မှ စတာပို သဘောကျတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဘဏ္ဍာရေးနှစ် ပြောင်းလဲတဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းတွေ သာမက တခြား ဘဏ်လုပ်ငန်းတွေမှာပါ ပြောင်းလဲစ အချိန်တွေမှာ အခက်အခဲရှိနိုင်ပြီး နိုင်ငံစီးပွားရေး လုပ်ငန်းတွေ မတည်ငြိမ်သေးတဲ့ အခါမျိူးမှာ အခုလို ပြောင်းလဲတာဟာ စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်နေကြပါတယ်။