မန္တလေး မဟာမုနိဘုရားက ရွှေခွာခိုးသူ ဖမ်းမိ

  • 20 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အဝ တလက်မရှိပြီး တဖက်ကို တိပ်နဲ့ ပိတ်ထားတဲ့ လေးလက်မ အရွယ် သံမဏိပိုက်တိုကို အင်္ကျီလက်ရှည်ထဲမှာ ဝှက်ပြီး ခိုးယူခဲ့ (အနီရောင် အမှတ်အသား ပြထားသူ)

အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့က မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ရွှေသင်္ကန်းကပ်ခွင့်ပေးတဲ့ အချိန်မှာ မန္တလေးမြို့နေ အသက် ၃၀ အရွယ် အမျိုးသားတဦးက သံမဏိပိုက်တို တချောင်းကို အသုံးပြုပြီး ရွှေတွေ ခွာဖို့ ကြိုးစားနေတာကို တွေ့ရတဲ့အတွက် ဘုရားလုံခြုံရေးရဲတွေက သူ့ကို ဖမ်းဆီးလိုက်ပါတယ်။

မဟာမုနိဘုရားကြီးရဲ့ နောက်ကျောဘက်မှာ ရွှေခွာယူထားတဲ့ အစင်းရာတွေကို အောက်တိုဘာလ ၁၈ ရက်နေ့ တွေ့ရှိခဲ့တဲ့ အတွက် လုံခြုံရေး ကင်မရာတွေကနေ ပြန်လည် စစ်ဆေးပြီး နောက်တရက်မှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်ပြီး လတ်တလော ခိုးယူ ရောင်းချမှုကနေ ရရှိထားတဲ့ ကျပ် တသိန်း ခုနှစ်သောင်းကိုလည်း ဖမ်းဆီး ရမိခဲ့ပါတယ်။

အခုလို ခိုးယူခဲ့တဲ့ အမျိုးသားဟာ အဝ တလက်မရှိပြီး တဖက်ကို တိပ်နဲ့ ပိတ်ထားတဲ့ လေးလက်မ အရွယ် သံမဏိပိုက်တိုကို အင်္ကျီလက်ရှည်ထဲမှာ ဝှက်ပြီး ခိုးယူခဲ့တာ ဖြစ်ပြီး လုံခြုံရေး ကင်မရာကနေ ထုတ်ထားတဲ့ ပုံတွေကို လုံခြုံရေးရဲနဲ့ အစောင့်တွေကို ဖြန့်ဝေထားတဲ့အတွက် နောက်တရက်မှာ တွေ့ရှိ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မဟာမုနိဘုရားကြီး ဂေါပက ဥက္ကဋ္ဌဦးစိုးလင်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ခိုးယူသူဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း အလားတူ လုပ်ခဲ့ဖူးပြီး မန်းမြို့ဈေးမှာ ရောင်းချရာမှာ ကျပ် ၂ သိန်းနီးပါး ရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

မဟာမုနိဘုရားကြီးမှာ ဝေယျာဝစ္စလုပ်ဖို့အတွက် ခန့်အပ်ထားတဲ့ ဝန်ထမ်း ၂၆၀ ရှိပြီး လုံခြုံရေး ဝန်ထမ်း ၆၄ ယောက် ရှိတဲ့ကြားက အခုလို ဖြစ်ရတဲ့အတွက် အခုလို ကျူးလွန်သူတွေကို ကွန်ပျူတာ စနစ်မှာ မှတ်ထားပြီး သတိပေးနိုင်အောင် လုပ်ဆောင်မယ်လို့ ဦးစိုးလင်းက ပြောပါတယ်။

အခုလို ဖမ်းမိထားသူကို အမှတ် (၁၀) မြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပြီး နောက်ထပ် အပေါင်းအပါတွေ ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကို အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာရောက်သူ နေ့စဉ် သောင်းချီရှိနေပြီး အခါကြီး ရက်ကြီးတွေမှာ တရက်ကို ၁ သိန်းလောက်ထိ လာတဲ့အတွက် လစဉ် အရွက်တရာပါ ရွှေဆိုင်းကြီး ၈၅၀ဝ ရောင်းချနေရပြီး ဒါဟာ ကာလတန်ဖိုး ကျပ်ငွေ သိန်း ၃၀ဝ၀ နီးပါး ပမာဏလည်း ဖြစ်ပါတယ်။