ရခိုင်ပြည်နယ် ၁၅မြို့မှာ ဆန္ဒဖော်ထုတ်

  • 23 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Narinjara News
Image caption စစ်တွေမြို့တွင် ဆန္ဒဖော်ထုတ်နေပုံ

ရခိုင်ပြည်နယ်က မြို့ ၁၅မြို့ခန့်မှာ နိုင်ငံတကာကနေ လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကန့်ကွက်ကြောင်းနဲ့ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို လက်မခံဖို့ ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာလ၂၂ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒဖော်ထုတ်မှုဟာ သြဂုတ်လ ၂၅ရက်နေ့က နယ်ခြားစောင့်စခန်း ၃၀ကျော် အကြမ်းဖက် တိုက်ခိုက်ခံရ ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်လာတဲ့ အကြီးဆုံး ဆန္ဒဖော်ထုတ်ပွဲ ဖြစ်ပါတယ်။

" ပထမအချက်က မြန်မာနိုင်ငံအစိုးရအား တခြားကမ္ဘာ့နိုင်ငံတွေက လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ အချက်ကို ကန့်ကွက်တာပါ။ ဒုတိယအချက်က မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါး စော်ကားပီး ဒီအကြမ်းဖက် ဘင်္ဂလီတွေကို ပြန်သွင်းခြင်းကို ကျွန်မတို့က လက်မခံဆိုတဲ့ အချက်ပါ။ နောက်ဆုံးကတော့ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွေကို လက်ရှိ ဘင်္ဂလီတွေကို အမြန်ဆုံး စီစစ် ဆောင်ရွက်ပေးဖို့ ဆိုတဲ့အချက်ပါ။ " လို့ စစ်တွေ အခြေစိုက် ရခိုင်အလင်းတံခါး ဥက္ကဋ္ဌ ဒေါ်ကျော့စိန် ကဒီဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို လူပေါင်းလေးရာကျော် ပါဝင်ခဲ့ပြီး အောက်တိုဘာ ၂၁ရက်နေ့က လုပ်ခဲ့တဲ့ မြောက်ဦးမြို့က ဆန္ဒဖော်ထုတ်ပွဲမှာလည်း လူပေါင်း ၁၅၀ဝ ခန့် ပါဝင်ပါတယ်။

နိုင်ငံတော် အစိုးရကိုရော ပြည်နယ် အစိုးရကိုပါ ရခိုင်အရေး ဆောင်ရွက်တဲ့နေရာမှာ ရခိုင်အမျိုးသား ခေါင်းဆောင်တွေ ပါဝင်ခွင့်ရဖို့ တောင်းဆိုထားတယ်လို့ မြောက်ဦးဒေသခံ ဦးကျော်ဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

အခုလို နိုင်ငံတကာနဲ့ ပြည်တွင်းအကြား အမြင်တွေ ကွာခြားမှုတွေ ရှိနေတဲ့ အချိန်မှာ ရခိုင်ပြည်နယ် အနှံ့မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။