ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

  • 24 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption နေပြည်တော်မှာ နှစ်ဖက် တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြ

နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့အတွက် မြန်မာပြည်ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာအစိုးရအဆင့်မြင့်အရာရှိတွေက အောက်တိုဘာလ ၂၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Horizon Lake View ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီး အဆင့်အစည်းအဝေးမှာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောက်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ လူဝင်လူထွက်များစိစစ်ခြင်းနဲ့ နိုင်ငံသားစိစစ်လက်ခံမှုများစတဲ့ကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ ဘီဘီစီက လက်ခံရရှိထားတဲ့ လျှို့ဝှက်အစီရင်ခံစာအရ သိရပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစတဲ့ကဏ္ဍတွေမှာ အဆင့်လိုက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်မှုတွေ ပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျပြန်လည်လက်ခံနိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လနှောင်းပိုင်းကစပြီး ရခိုင်ပြည်နယ်ပဋ္ဋိပက္ခကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရာ အခုအခါမှာ လူဦးရေ ငါးသိန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်က ပြုလုပ်တဲ့အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ၁၀ ချက်ကိုလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆက်ဆံရေးရုံးများ တည်ဆောက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ နေပြည်တော်က အစည်းအဝေးမှာ မြန်မာနိုင်ငံပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကျော်ဆွေအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနကအရာရှိတွေနဲ့ အင်္ဂလားဒေ့ရှ်ဘက်က ပြည်ထဲရေးဝန်ကြီး Mr. Asaduzzaman Khan အပါအဝင် အမြဲတမ်းအတွင်းဝန်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတွေအပြင် သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူ ၄၅ ဦး တက်ရောက်ခဲ့ပါ တယ်။

မြန်မာနိုင်ငံဘက်က ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဘီဘီစီ တဝန်း