KBZ ဘဏ်နှစ်ခုမှာ တရက်တည်း နှစ်ကြိမ် ငွေလုခံရ

  • 25 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြိတ်မြို့ မြင်ကွင်း

ကမ္ဘောဇဘဏ်လိမီတက်ရဲ့ ဘဏ်ခွဲ ၂ ခု မှာ အောက်တိုဘာ ၂၄ ရက်နေ့ တရက်တည်း လုယက်မှု ၂ ခု ဖြစ်ပွားခဲ့တယ်လို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။

ရန်ကုန်နဲ့ မြိတ်မြို့တွေမှာ ဖြစ်ခဲ့တဲ့ သီးခြား ဖြစ်စဉ် ၂ ခုက တရက်တည်း နာရီပိုင်းပဲ ခြားပြီး ဖြစ်ပွားခဲ့တာလို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ဖြစ်စဉ် တခုက မြိတ်မြို့ ကန်ဖျားရပ်က ကမ္ဘောဇ မီနီဘဏ်ခွဲ (၁) မှာ နေ့လယ် ၂ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။ ငွေအပ်သူ တဦးက ကောင်တာမှာ တင်ထားတဲ့ ငွေကျပ် သိန်း ၂၇၀ ဝန်းကျင်ရှိတဲ့ ငွေထုပ်ကို လူငယ် တယောက်က သေနတ်ပြပြီး လုယက်သွားတယ်လို့ ဆိုပါတယ်။

အနုကြမ်းစီးခဲ့သူကတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဖြစ်စဉ် တခုလုံးကို ဘဏ်ရဲ့ စီစီတီဗီ လုံခြုံရေးမှတ်တမ်းမှာ ဖမ်းယူထားနိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းကို ပေးပို့ကာ အမှုဖွင့်ထားတယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။

နောက်ဖြစ်စဉ်တခုကတော့ ရန်ကုန်မြို့ ဘုရင့်နောင် ဘဏ်ခွဲရဲ့ ကားရပ်နားရာ နေရာမှာ နေ့လယ် ၁ နာရီ ဝန်းကျင် ဖြစ်ပွားခဲ့တာလို့ ဦးညိုမြင့်က ပြောပါတယ်။

စီးပွားကုမ္ပဏီ တခုက ဘဏ်မှာ ငွေလာထုတ်ပြီး အပြန် ဘဏ်ရှေ့က ကားပါကင်နေရာမှာ အဲဒီ ကုမ္ပဏီရဲ့ ကားမောင်းသူက ငွေထုပ်ပါတဲ့ ကားကို မောင်းယူ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်စဉ်မှာတော့ ကမ္ဘောဇဘဏ် အပါအဝင် အခြား ဘဏ်တွေက ထုတ်ယူထားတဲ့ ကုမ္ပဏီပိုင် ငွေတွေပါဝင်တယ်လို့ ဦးညိုမြင့်က ဆိုပါတယ်။

ဘုရင့်နောင် ကမ္ဘောဇ ဘဏ်ခွဲရှေ့မှာ ဝန်ထမ်းကနေ ငွေယူထွက်ပြေးသွားခဲ့တာဟာ ငွေကြေးပမာဏ ကျပ်ငွေ သိန်း ၁,၄၀၀ ကျော် ရှိပြီး ကုမ္ပဏီ နာမည်ကတော့ Golden Dragon ဖြစ်တယ်လို့ ဘုရင့်နောင်ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

ဘုရင့်နောင် ဘဏ်ခွဲ ကားပါကင်မှာ ငွေထုပ်နဲ့ ထွက်ပြေးသွားတဲ့ ကုမ္ပဏီယာဉ်မောင်းကို အလုပ်ရှင်ပစ္စည်းခိုးယူမှုဆိုင်ရာ ပြစ်မှုပုဒ်မ ၃၈၁ နဲ့ Golden Dragon ကုမ္ပဏီဘက်က ဘုရင့်နောင် စခန်းမှာ အမှုဖွင့်ထားပြီး မြိတ် မြို့ ဘဏ်ခွဲမှာ အနုကြမ်းစီးခဲ့သူကိုတော့ လက်နက်သုံးပြီး ငွေကြေးလုယူမှု ပုဒ်မ ၃၈၁ နဲ့ ကမ္ဘောဇ ဘဏ်က စခန်းမှာ အမှုဖွင့်ထားပါတယ်။

ဘီဘီစီ တဝန်း