မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး

  • 24 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အာဆာ့ဒ် ဒူဇာ မန်ခန်းနဲ့ မြန်မာ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ကျော်ဆွေတို့ အောက်တိုဘာလ ၂၄ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နားလည်မှု စာချွန်လွှာထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်မှုတွေ လုပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ စနစ်တကျ ပြန်လက်ခံဖို့ ၊ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ လူဝင်လူထွက်တွေ စိစစ်ဖို့၊ နှစ်နိုင်ငံ နယ်စပ် ဒေသ လုံခြုံရေး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စတွေ ပါဝင်ပါတယ်။

အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူ

ပြီးခဲ့တဲ့ ၂ လ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ရောက်ရှိလာသူတွေကို မြန်မာနိုင်ငံဘက် ပြန်ခေါ်ဖို့ နှစ်ဘက် သဘောတူခဲ့ကြကြောင်းနဲ့ ဒီလို ပြန်ခေါ်ရေးမှာ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်ကြဖို့ ကော်မတီ တရပ်ကို နှစ်ဘက် ဦးရေ တူညီစွာ ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာလ ၂၅ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။