ဒလ တံတားနဲ့မလွတ်တဲ့ အဆောက်အအုံတွေ နိုဝင်ဘာအပြီးပြောင်းရွှေ့ရမယ်

  • 25 အောက်တိုဘာ 2017
Image caption ရန်ကုန်-ဒလမြစ်တွင်း မြင်ကွင်း

ရန်ကုန်-ဒလ တံတားစီမံကိန်းနဲ့ မလွတ်ကင်းတဲ့ ကျောင်း၊ သမ္ဗန်ဆိပ်နဲ့ သာသနိက အဆောက်အအုံတွေ အပါအဝင် ဆိပ်ကမ်းနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်၊ဈေးဆိုင်တွေ အားလုံးဟာ နိုဝင်ဘာလအတွင်း အပြီး ဖျက်သိမ်းပြီး ပြောင်းရွှေ့ရမယ်လို့ ဒလမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဘီဘီစီကိုပြောပါတယ်။

ဒလမြို့နယ်ဘက်ခြမ်းမှာရှိတဲ့ ဓမ္မာရုံတခု၊ အာဇာနည်ကျောက်တိုင်၊ ပန်းခြံနဲ့ ကမာကဆစ်သမ္ဗန်ဆိပ်တို့ ပြောင်းရွှေ့ရမယ့် နေရာတွေကို အောက်တိုဘာ ၂၄ရက်နေ့က သတ်မှတ်နေရာချ ထားခဲ့တယ်လို့သိရပါတယ်။

''ကမာကဆစ်အနောက်ကျောင်းက ဉာဏ်တော်အမြင့်ပေ၂၀နီးပါးလောက်ရှိတဲ့ ဘုရားတဆူကိုတော့ ကျန်စစ်သား ရပ်ကွက်က တရားဟောပွဲပြုလုပ်တဲ့ ကွင်းကိုရွှေ့ပြောင်းပူဇော်ဖို့ စီစဉ်ထားတယ်။ သမ္မာန်ဆိပ် ကတော့ စက်မြေနဲ့ ကမာကဆစ်ကြားက NLD ပါတီရုံးရှိရာတည့်တည့်နေရာကို ပြောင်းဖို့ သဘောတူ ထားပြီးပြီ''

''ဒလဘက်ခြမ်းက ဗိုလ်မင်းရောင်တဝိုက်နဲ့ ကမ်းနားဘက်ခြမ်းက မလွတ်တဲ့ ကျူးတွေကိုတော့ ပြောင်းရွှေ့ဖို့ ယာယီနေရာပေးသွားဖို့ စီစဉ်နေတယ်။ ပြောင်းရွှေ့ကြေးတော့ ပေးမယ်။ လျော်ကြေးတော့ပေးမှာမဟုတ်ဘူး လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။''

ဆိပ်ကမ်းနယ်မြေအတွင်းတည်ဆောက်ထားတဲ့ စီမံကိန်းနဲ့မလွတ်တဲ့ အိမ်၊ ဈေးဆိုင်အဖြစ် ဆောက်လုပ် နေထိုင်နေတဲ့ ကျူးအဆောက်အအုံပေါင်းဟာ ၁၀ဝ ဝန်းကျင်ခန့်ရှိပါတယ်။

ရန်ကုန်- ဒလတံတားစီမံကိန်းတည်ဆောက်ဖို့အတွက် စီမံကိန်းနဲ့မလွတ်တဲ့ ပုဂ္ဂလိကပိုင် အိမ်၊ မြေနဲ့ အဆောက် အအုံတွေ အားလုံးအတွက် လျော်ကြေးငွေပေးလျော်ပြီး ဖြစ်ပါတယ်။

ရန်ကုန်-ဒလမြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF Loan )မှချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈၃၃ သန်းနဲ့ ပြည်တွင်းလိုအပ် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၃၀.၃၄၁ သန်းနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်နေတာပါ။

တံတားတည်ဆောက်ရေးကို ၂၀၁၈ ဇန်နဝါရီမှာ စတင်လုပ်ကိုင်သွားတော့မှာဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။