ကချင်ဘာသာရေး ဆရာနှစ်ယောက် ပြစ်ဒဏ်ချခံရမှု အယူခံ၀င်မယ်

  • 27 အောက်တိုဘာ 2017
Image caption ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို သတင်းသမားတွေကို လိုက်ပြပေးခဲ့လို့ ဖမ်းဆီးခံရတဲ့ ကချင် ဘာသာရေးဆရာနှစ်ယောက်အမှုကို စီရင်ချက် ချ

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ ခရစ်ယာန် ဘာသာရေးဆရာ နှစ်ယောက်ကို လားရှိုး တရားရုံးက အောက်တိုဘာလ ၂၇ ရက်နေ့မှာ စီရင်ချက် ချခဲ့တဲ့ အမှု အပေါ် အယူခံ၀င်ဖို့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က စီစဉ်နေပါတယ်။

မနှစ်က ဒီဇင်ဘာလဆန်းမှာ စတင် ဖမ်းဆီး ချုပ်နှောင်ခံရတဲ့ မုံးကိုးမြို့နယ် ခရစ်ယာန်အသင်း ဥက္ကဌဦးဒီဒီနောင် လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တွေနဲ့ ထောင်ဒဏ် ၄ နှစ် ၃ လ ချ မှတ်လိုက်ပြီး၊ ဦးလမ်ဂျော် ဂမ်ဆိုင်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ ထောင်ဒဏ် ၂ နှစ် ၃ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကချင် ဘာသာရေး ဆရာ နှစ်ယောက်ကို တပ်မတော်အရာရှိ ဗိုလ်မှူး ကျော်ဇင်ထွန်း က တရားလိုလုပ်ပြီး ၂၀၁၇ ဇန်နဝါရီလမှာ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အစိုးရတပ် ဘက်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တဲ့ ဒီအမှုရဲ့ စီရင်ချက် အပေါ် အံ့သြမိကြောင်းနဲ့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ဘာသာရေး ခေါင်းဆောင်တွေလည်း ဖြစ်နေတာမို့ ဒီကိစ္စအပေါ် ဘယ်လို တုန့်ပြန်မလဲ ဆိုတာကို အောက်တိုဘာ ၃၀ ရက်နေ့မှာ အစည်းအဝေး လုပ်ပြီး စဉ်းစား ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ကေဘီစီ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန် က ပြောပါတယ်။

တိုင်းရင်းသား ဒေသခံတွေ အနေနဲ့ ပဋိပက္ခ နယ်မြေမှာ တပ်မတော်ကော ပြည်သူ့စစ် အဖွဲ့တွေကော နှစ်ဖက်စလုံးနဲ့ ဆက်ဆံရတဲ့ အခြေအနေမှာ ၁၇/၁ နဲ့ တရားစွဲမယ် ဆိုရင် တယောက်မကျန် ထောင်ထဲရောက်မယ့်ကိန်း ရှိပြီး အခု စီရင်ချက် ချခံရတဲ့ သင်းအုပ်ဆရာတွေ အနေနဲ့ ခရစ်ယာန် ဘာသာရေး အရ ဆုတောင်းပေးရ ၊ နှစ်ချင်း မင်္ဂလာတို့ ၊ ပွဲတော် မင်္ဂလာတို့ ပေးရတာတွေ ရှိတဲ့ အကြောင်း ဒေါက်တာ ဆမ်ဆွန်က ဆိုပါတယ်။

အခု စီရင်ချက် ချခံရတဲ့ KBC အသင်းတော်က သင်းအုပ်ဆရာ ဦးဒီဒီနောင် လတ် နဲ့ လူငယ်တာဝန်ခံ ဦးလမ်ဂျော် ဂမ်ဆိုင်း တို့ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြေပြင်အခြေအနေကို သွားရောက်သတင်းယူခဲ့ကြတဲ့ မီဒီယာသမားတွေကို လိုက်လံပို့ဆောင်အပြီးမှာ တပ်မတော်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သူတို့နှစ်ဦးဟာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုကို ငွေကြေးထောက်ပံ့တာတွေ၊ သတင်းပေး တာတွေ၊ လူသစ်စုဆောင်းပေးတာတွေနဲ့ ပြည်ပမီဒီယာများတွေနဲ့ ချိတ်ဆက်ပြီး မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

KBC အသင်းတော် အနေနဲ့ ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ အရင်က တပ်မတော်နဲ့ တရား၀င် ပြောဆို ညှိနှိုင်းခဲ့တာ မရှိဘူးလို့လည်း ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

အခုလို ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းက ဘာသာရေး ဆရာနှစ်ယောက် အပေါ် စီရင်ချက် ချမှတ်လိုက်တဲ့ အပေါ် စိုးရိမ်ကြောင်းနဲ့ နိုင်ငံသားတွေကို တရားမဲ့ ဖမ်းဆီး နိုင်တဲ့ မတရားသင်း ဆက်သွယ်မှု ဥပဒေနဲ့ တခြား ဥပဒေတွေ သုံးစွဲတာကို ရပ်ဆိုင်းပေးဖို့ ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။