အမေရိကန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်နဲ့ တပ်မတော် အရာရှိ အပြောင်းအလဲ ဆက်စပ်မှုမရှိနိုင်လို့ဆို

  • 14 နိုဝင်ဘာ 2017
Image caption ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က လုပ်ဆောင်ခဲ့တယ် ဆိုပြီး နိုင်ငံတကာက စွပ်စွဲမှုတွေလည်း ရှိ

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က လုပ်ဆောင်ခဲ့တယ် ဆိုပြီး နိုင်ငံတကာက စွပ်စွဲမှုတွေလည်း ရှိနေပြီး လတ်တလောမှာ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လတ်တလောကာလအတွင်းမှာပဲ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ရာထူးကနေ ဖယ်ရှားပြီး ဗိုလ်မှူးချုပ် စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်လိုက်တာဖြစ်တယ်လို့ ရိုက်တာ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

လာမဲ့ ရက်ပိုင်းအတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဖ် တေလာရက်ဆန်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

တပ်မတော် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လေ့လာရေးအဖွဲ့ဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ တပ်မတော် အရာအရှိ အပြောင်းအလဲက တိုက်ရိုက် သက်ဆိုင်စရာ အကြောင်းမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အခြေခံ ဥပဒေအရတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်တွင်းက အရာရှိတွေရဲ့ ရာထူးအပြောင်းအရွှေ့တွေကို လုပ်ပိုင်ခွင့်ရှိတာဖြစ်ပြီး အရပ်သား အချို့အတွက် ဒီလို ရာထူး အပြောင်းအရွှေ့တွေက ထူးဆန်းနိုင်ပေမဲ့ တပ်မတော်က ရာထူးအပြောင်းအရွှေ့ တွေဟာ ကြိုတင်စီစဉ်ပြီး ပြောင်းရွှေ့တာတွေ ၊ ဒါမှမဟုတ် ကြိုတင်စီစဉ်ထားပြီး အခြေအနေတရပ်ရပ်ကို ရောက်တဲ့ အချိန်မှာ ပြောင်းရွှေ့လိုက်တာမျိုးတွေရှိတယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ပြောင်းရွှေ့ခံရတဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို အခြားနေရာမျိုးမှာ ခန့်အပ်တာမျိုး မရှိသေးပဲ အရန်အင်အားဆိုတဲ့ စာရင်းထဲမှာ ထည့်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အရန်အင်အားဆိုတာက ရာထူးက နှုတ်ထွက်ပြီးဖြစ်တဲ့သူတွေကို လိုအပ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်ခေါ်ပါက သူတို့ရဲ့ ရာထူးခံစားခွင့်နဲ့အတူ ပြန်လည်ဝင်ရောက်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ဖြစ်ပြီး သူ့ကို တခြား နေရာမှာ ပြန်ခန့်မခန့်ကတော့ စောင့်ကြည့်ရဦးမယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်တပ်က ကျူးလွန်ပြီး ဒီလို ကိစ္စတွေဟာ စစ်တပ်မှာ တာဝန်ရှိတယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

မောင်တော ပဋိပက္ခဖြစ်စဉ်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ ရွာသူရွာသားတွေကို သတ်ဖြတ်တာ ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလုပ်ခဲ့တာ ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်တာတွေ မရှိဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။