ဘူးသီးတောင်မှာ စံချိန်တင် စိတ်ကြွဆေးဖမ်းမိ

  • 14 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ယာဘဆေးပြားများ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ စိတ်ကြွဆေးပြား ကျပ်ငွေ သိန်းပေါင်း တစ်သောင်း ကိုးထောင် ငါးရာခန့် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးမိခဲ့ တယ်လို့ မြို့နယ် အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းမိတဲ့ စိတ်ကြွ ဆေးပြား အရေအတွက် တသန်း နီးပါးရှိပြီး ဒါဟာ ဘူးသီးတောင်မြို့နယ် အတွင်း အရေအတွက် အများဆုံး ဖမ်းမိတာလို့ မြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးသောင်းငွေက ဘီဘီစီကို ပြောပါတယ်။

သတင်းရတဲ့ အတွက် နိုဝင်ဘာလ ၁၃ ရက်က ဘူးသီးတောင်မြို့နယ်က ရဲတွေက သွားရောက်ဖမ်းဆီး ခဲ့တာလို့ သူက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကလည်း ဦးစိုးပိုင် ဆိုသူရဲ့ အိမ်မှာ သေတ္တာ နှစ်လုံးနဲ့ ထည့်ထားတဲ့ မူးယစ်ဆေးပြား တွေကို ဖမ်းဆီးမိတာလို့ ဘီဘီစီကိုပြောပါတယ်။

ဦးစိုးပိုင်ရဲ့ အစ်ကိုက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က ဒုတိယ မြို့နယ် ဥက္ကဋ္ဌ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မောင်တောမှာ ယာဘသန်းချီ ဖမ်းမိပြန်

မြန်မာဘက်က ဝင်လာတဲ့ စိတ်ကြွဆေးတွေ ဖမ်းမိ

ထိုင်းမြန်မာနယ်စပ်မှာ ယာဘ ၇ သိန်းကျော် ဖမ်းဆီးရမိ

ဘူးသီးတောင်နဲ့ မောင်တော ဒေသဟာ ဘင်္ဂလားဒေ့ရှ်နဲ့ စိတ်ကြွဆေးပြားတွေ ကုန်သွယ်တဲ့ အဓိက လမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့ အတွက် မကြာခဏ ဖမ်းဆီးမိ နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒီမူးယစ်ဆေးပြား တွေကြောင့် ကျောင်းသား ကလေးတွေနဲ့ လူငယ်လူရွယ် တွေရဲ့ မိဘတွေအနေနဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန် နေရတယ်လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသမှာ စိတ်ကြွဆေးပြား မှောင်ခို ရောင်းဝယ် ဖောက်ကားမှု အလုံးအရင်း ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။