ရခိုင်အရေးလွတ်လွတ်လပ်လပ် စုံစမ်းဖို့ တီလာဆန် တောင်းဆို

  • 15 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် U.S. Embassy Rangoon
Image caption နေပြည်တော်မှာ ရက်စ် တီလာဆန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့

ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က တောင်းဆိုလိုက်ပါတယ်။

ရခိုင် ပြည်နယ်က ထွက်ပြေး နေတဲ့ သိန်းနဲ့ချီ တဲ့ ဒုက္ခသည်တွေ အရေး ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆင်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပူးတွဲ ပြုလုပ်တဲ့ နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူပြောင်းမှု အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ထပ်လောင်းပြသနိုင်ဖို့ အခု သူ့ရဲ့ နေပြည်တော်ခရီးစဉ်က ရည်ရွယ်တယ်လို့ ဝန်ကြီး ရက်စ် တီလာဆန်က ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာအစိုးရအနေနဲ့ စိုးရိမ်နေကြတဲ့ အရေးကိစ္စတွေမှာ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး အတွက် တရားဥပဒေစိုးမိုးရေး နည်းလမ်းနဲ့သာ အဖြေရှာနိုင်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ပြောပါတယ်။

ရခိုင်အရေး မှာ နှုတ်ဆိတ် နေတာ မဟုတ်ဘဲ တိကျမှန်ကန်တဲ့ သတင်းတွေ ကို ပြောပြဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ လူ့အခွင့်အရေးကို အလေးထား လေးစား လိုက်နာ ကျင့်သုံးနိုင်စေဖို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လက်ရှိ အစိုးရကို အမေရိကန် အနေနဲ့ ဆက်လက် ထောက်ခံမှု ပေးသွားမယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ မနှစ်က စတင် အာဏာရယူပြီးနောက်ပိုင်းမှာ ရခိုင်ပြည်မြောက်ပိုင်း အရေးက အကြီးအကျယ်ဆုံး စိန်ခေါ်မှု ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရက်ရက်စက်စက် ပြုမူခဲ့တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ ခိုင်လုံတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီးလည်း အမေရိကန် အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Senior General Min Aung Hlaing Facebook
Image caption အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ရခိုင်အရေး အခြေအနေမှန်တွေ ပြောပြခဲ့လို့ တပ်မတော် အကြီးအကဲ ဆို

ရခိုင်ပြည်နယ်က လူအားလုံးရဲ့ လုံခြုံရေး အတွက် တပ်မတော်အနေနဲ့ အာမခံပြီး အစိုးရကို အကူအညီပေးဖို့လည်း အမေရိကန်ဝန်ကြီးက တိုက်တွန်းသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရားဝင် အွန်လိုင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အခြေအနေမှန်တွေကို ဝန်ကြီး တေလာဆင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။ အစိုးရနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နေမှုကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးမှာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့တယ် ဆိုထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရခိုင်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားရတဲ့ လူ သိန်းချီ အတွက် အထူး စိုးရိမ်ကြောင်း ပြောပါတယ်။

ဩဂုတ်လတုန်းက ဖြစ်ခဲ့တဲ့ မြန်မာလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ လုပ်ရပ်ကိုလည်း ပြစ်တင် ရှုတ်ချကြောင်း မစ္စတာ ရက်စ် တီလာဆန်က ပြောပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှု တွေ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲ အဖြစ် အလုံးစုံ ချေမှုန်း စစ်ဆင်ရေး တွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေထဲ ကျဆုံးခဲ့ရတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အတွက်လည်း ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

ပဋိပက္ခ ဒေသတွေက ထွက်ပြေးခဲ့ရသူ သိန်းနဲ့ချီတဲ့ လူတွေနဲ့ အရေအတွက် အတိအကျ မသိနိုင်တဲ့ ကျန်နေရစ်သူ လူမျိုးပေါင်းစုံ အတွက် စားနပ်ရိက္ခာနဲ့ ခိုလှုံရာ အပါအဝင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ အပြည့်အဝရရှိနိုင်ဖို့လည်း ပြောသွားခဲ့ပါတယ်။

ဒုက္ခသည်တွေ အတွက် အမေရိကန် အစိုးရ အနေနဲ့ အမေရိကန် ဒေါ်လာ ၄၇ သန်း ထပ်လောင်း အကူအညီ ပေးမယ်လို့ ပြောပါတယ်။

ဩဂုတ်လ တိုက်ခိုက်မှုတွေ အပြီးကတည်းက အမေရိကန် အစိုးရရဲ့ ကူညီငွေက ၈၇ သန်း ကျော်သွားပြီလို့လည်း ဆိုပါတယ်။

ဝါရှင်တန် မှာတော့ အမေရိကန် လွှတ်တော် အမတ်တွေက ရခိုင်ပြည်နယ် အရေးနဲ့ စပ်လျဉ်းပြီး မြန်မာ စစ်တပ်နဲ့ သူတို့ရဲ့ စီးပွားလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေ ပြလုပ်ဖို့ ဖိအားပေးတောင်းဆိုနေတာတွေလည်း ရှိနေပါတယ်။

ဘီဘီစီ တဝန်း