ရိုဟင်ဂျာ အရေး Ethnic cleansing ဝေါဟာရ အမေရိကန်သုံးစွဲ

  • 22 နိုဝင်ဘာ 2017
Image caption ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂပြော

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တေလာဆင်က ရိုဟင်ဂျာတွေ အပေါ် မြန်မာ အစိုးရ စစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးရေး ရှင်းလင်းမှု ပုံစံမြောက်တယ် ဆိုပြီး Ethnic cleansing ဆိုတဲ့ ဝေါဟာရကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ပြောဆို လာပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်လို့ ဝန်ကြီးတေလာဆင်က ပြောရင်းမှာပဲ ဒီလုပ်ရပ်တွေကို ကျူးလွန်သူတွေကို ပစ်မှတ် ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်က စဉ်းစား နေပြီလို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ မျိုးနွယ်စု အရ ရှင်းလင်းခံနေရတယ် ဆိုတဲ့ စွပ်စွဲ ပြစ်တင်မှုကို အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ နှုတ်က ပြောမလာခင် ကတည်းက၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ်ရအာ့ဒ် အယ်လ် ဟူစိန်က ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ပြောဆိုနှင့်ပြီး ဖြစ်ပါတယ်။

အခုတော့ ဝန်ကြီး တေလာဆင်ရဲ့ ထုတ်ပြန်ချက် ထွက်လာတာမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ကြသူတွေထဲ အစိုးရစစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်ထဲက အရပ်သား တချို့လည်း ပါဝင်တယ်ဆိုပြီး ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ထဲ ဖြစ်ပျက်ခဲ့တာတွေကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမေရိကန် ဘက်က အလိုရှိတယ် လို့ ဝန်ကြီး တေလာဆင်က ဆိုပါတယ်။

ရိုဟင်ဂျာ အရေးမှာ အများက ယုံကြည် လက်ခံပြီး လွတ်လပ်တဲ့ စုံစမ်းမှု ပြုလုပ်ဖို့ လိုအပ်တယ် ဆိုတာကို ဝန်ကြီးတေလာဆင်က ပြီးခဲ့တဲ့ သီတင်းပတ် သူ မြန်မာပြည်ကို နေ့ချင်းပြန် သွားခဲ့တဲ့ ခရီးစဉ်တုန်းကလည်း အထူး အလေးပေးပြီး ပြောခဲ့တာပါ။

Image caption လွတ်လပ်တဲ့ စုံစမ်းမှု ပြုလုပ်ဖို့ လိုအပ်တယ်

အဲဒီလို စုံစမ်းနိုင်မှ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ပြီး အရေးယူ ပိတ်ဆို့တာတွေကို ဘယ်သူ ဘယ်ဝါ ဘယ် အဖွဲ့အစည်း ဆိုပြီး ပစ်မှတ် ထားလုပ်ဆောင် နိုင်မယ်လို့ မစ္စတာတေလာဆင်က ယုံကြည်ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံး အပေါ် သက်ရောက်မယ့် စီးပွားရေး ပိတ်ဆို့တာမျိုးကို အခုအချိန်မှာ သူ့ အနေနဲ့ အကြံမပြုလိုသေးဘူးလို့ ဝန်ကြီးတေလာဆင် မြန်မာပြည်မှာ ရှိနေတုန်း ပြောဆိုခဲ့ပါတယ်။

လောလောလတ်လတ်ပဲ အမေရိကန် လွှတ်တော် အမတ်တွေကို ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ မြန်မာပြည်ကို သွားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျက်ဖ် မာ့ခ်လီကလည်း ရက်ဇ် တေလာဆင်ရဲ့ အခု နောက်ဆုံး ထုတ်ပြန်ချက်ကို သူ သဘောတူတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မစ္စတာ တေလာဆင် သတင်းစာရှင်းလင်းပွဲ

ရိုဟင်ဂျာ မိသားစု ၈ စုမှာ ၇ စု အထိ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေး ခဲ့ရတယ်လို့ ခန့်မှန်းရတယ်၊ ဒါ မျိုးနွယ်စုလိုက် ရှင်းလင်း ခံရတာပဲပေါ့ ဆိုပြီး ဆီနိတ်တာ ဂျက်ဖ် မာ့ခ်လီက ဆိုပါတယ်။

ဩဂုတ်လ နှောင်းပိုင်းမှာ မြန်မာနယ်ခြားစောင့် ရဲကင်းတွေကို အာဆာ အဖွဲ့က တိုက်ခိုက်ခဲ့ပြီး၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း စစ်ရေးအရ တုံ့ပြန် ခဲ့ပါတယ်။

Image caption ရိုဟင်ဂျာ မိသားစု ၈ စုမှာ ၇ စု အထိ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေး ခဲ့ရတယ်လို့ ခန့်မှန်း

ဒီ အခြေအနေတွေမှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ၆ သိန်းကျော် အထိ ရှိတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ ကြံရွယ်ချက် ရှိရှိနဲ့ အစီအစဉ် တကျကို လုပ်ဆောင် ခဲ့တယ်လို့ အသေအချာကို ပိုင်းခြားစိတ်ဖြာ သုံးသပ်ပြီးမှ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောလာတာ ဖြစ်တယ် ဆိုပြီး ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီသတင်းထောက် ဘာဘရာ ပလက် အပ်ရှာက ဆိုပါတယ်။

အမေရိကန် ဥပဒေမှာရော၊ နိုင်ငံတကာ ဥပဒေမှာပါ ethnic cleansing ဆိုတဲ့ ဝေါဟာရ အပေါ် အဓိပ္ပာယ် ဖွင့်ဆိုထားတာ မရှိတဲ့ အတွက်၊ ဒီဝေါဟာရကို အသုံးပြုလိုက်ပေမယ့် နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်တာတွေတော့ အလိုအလျောက် ပြုလုပ်လို့ မရပါဘူး။

ဒါပေမယ့်လည်း ပစ်မှတ်ထား အရေးယူမှုတွေ ဥပဒေနဲ့ အညီ ချမှတ် နိုင်ဖို့ အမေရိကန်ဘက်က စဉ်းစား နေတယ်လို့လည်း ဘာဘရာ ပလက် အပ်ရှာက သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ