ယီမင်ကို ကယ်ဆယ်ရေး အကူအညီ ရောက်ပြီ

  • 27 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ယီမင်မှာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေ

ယီမင်နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းမြို့ တမြို့ကို ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သီတင်း ၃ပတ်ကြာ ပိတ်ဆို့ထားမှုတွေကို ဖြေလျော့ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အဲဒီ ဆိပ်ကမ်းဆီ ကုလသမဂ္ဂ ကယ်ဆယ်ရေး သင်္ဘော တစင်း ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ မြို့တော် ရီယာ့ဒ်ကို မစ်ဆိုင်း ဒုံးနဲ့ တိုက်ခိုက်ခံခဲ့ရအပြီး နိုဝင်ဘာလ ၆ရက်နေ့က စလို့ ပူးပေါင်း တပ်ဖွဲ့တွေက ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်း လမ်းတွေ အားလုံးကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

ဒီပိတ်ဆို့မှုတွေကြောင့် အငတ်ဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူသန်းပေါင်းများစွာရဲ့ အခြေအနေတွေဟာ ပိုဆိုးဝါးလာခဲ့တာပါ။

အခုတော့ တန်ချိန် ထောင်သောင်း ချီတဲ့ ဂျုံကြမ်းတွေ အပါအဝင် ယီမင်နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ လူ ၂သန်းနီးပါးတလစာ ကောင်းကောင်း စားနိုင်မယ့် စားနပ်ရိက္ခာတွေကို တင်ဆောင်လာတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေး သင်္ဘောကြီး ဆယ်လိဖ် ဆိပ်ကမ်းကို ဆိုက်ကပ်လာပါပြီ။

ဆိပ်ကမ်းမှာ ကပ်နိုင်ခွင့် ရဖို့ သီတင်းနှစ်ပတ်လောက် အဲဒီသင်္ဘောကြီး ပင်လယ်ထဲ တဝဲလည်လည်နဲ့ စောင့်နေခဲ့ရတာ ဖြစ်ပြီး ဟူသီ သူပုန်တွေရဲ့ လက်ထဲ လက်နက်တွေ အရောက် မပို့နိုင်အောင် ပူးပေါင်း တပ်ဖွဲ့တွေက အသေအချာ သုံးသပ် စစ်ဆေးမှုတွေ လုပ်အပြီး ပိတ်ဆို့မှုတွေကို ဖြေလျှာ့ပေးလိုက်တာ ဖြစ်ပါတယ်။

ဟူသီသူပုန်တွေကို အီရန်အစိုးရက လက်နက်တွေ ခိုးသွင်း ထောက်ပံ့ပေးနေတယ် ဆိုပြီး ဆော်ဒီ အစိုးရက စွပ်စွဲနေပေမယ့် အီရန် အစိုးရကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ဆာနာမြို့ကို စနေနေ့က ရောက်ရှိလာတဲ့ လေယာဉ်တွေပေါ်မှာ ကာကွယ်ဆေး ၂သန်းနီးပါး တင်ဆောင်လာခဲ့ပေမယ့် ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ကတော့ ဒါဟာ ယီမင်နိုင်ငံမှာ လိုအပ်နေတဲ့ အရေအတွက်ရဲ့ ပမာဏ နည်းနည်းလေးလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ယီမင်နိုင်ငံမှာ ကလေးငယ် အယောက်တိုင်းနီးပါးလောက် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပြီး အဲဒီမှာ ဘယ်လို ကလေးမျိုးမှ အသက်ရှင်သန်နိုင်မယ့် နည်းလမ်း မရှိနိုင်တော့သလို ယီမင်မှာ ကျန်းမာရေး စနစ်ကြီးတခုလုံးနီးပါး ပြိုပျက်လု နီးပါး ဖြစ်နေပါပြီ လို့ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက ဒေသဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ညွှန်ကြားရေးမှူးက ဘီဘီစီကို ပြောပြပါတယ်။

အခုအခါ ယီမင်နိုင်ငံမှာ လူ သန်း၂၀ကျော်လောက် ကယ်ဆယ်ရေး အကူအညီတွေ အရေးပေါ် လိုအပ်ပြီး အဲဒီထဲမှာ ကလေးငယ် ၁၁သန်းလောက် အပါအဝင်လူ ၄သိန်းလောက်က အာဟာရ ချို့တဲ့တဲ့ ဝေဒနာခံစားနေရတာ ဖြစ်ပါတယ်။