ဒရုန်းအမှုနဲ့အဖမ်းခံရသူများ အမှုတိုး

  • 28 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI Myanmar
Image caption ဒရုန်းအမှုနဲ့ အဖမ်းခံရသူ သတင်းထောက်များကို အမှုတိုး

နေပြည်တော် လွှတ်တော် အဆောက်အအုံကို ဒရုန်းလို့ခေါ်တဲ့ အဝေးထိန်း ခလုတ်နဲ့ ကောင်းကင်ကနေ ဓါတ်ပုံရိုက်တဲ့ လေယာဉ်ငယ်နဲ့ လွှတ်တော်ကို ဓါတ်ပုံရိုက် ဖို့ ကြိုးစားသူ မလေးရှားနဲ့ စင်္ကာပူ သတင်းထောက်နှစ်ယောက်ကို လ.ဝ.က အက်ဥပဒေ ၁၃(၁) နဲ့ နောက်ထပ် တရားစွဲလိုက်ပါတယ်။

လွှတ်တော်ကို ခွင့်ပြုချက်မရှိပဲ ဓါတ်ပုံရိုက်ဖို့ ကြိုးစားမှုနဲ့ အဖမ်းခံရပြီး လေကြောင်းအက်ဥပဒေနဲ့ ထောင်နှစ်လ ချမှတ်ခံရတဲ့အပြင် သွင်းကုန် ထုတ်ကုန် ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ စင်္ကာပူ နိုင်ငံသား သတင်းထောက်နဲ့ မလေးရှားနိုင်ငံသူကို နိုဝင်ဘာ ၂၈ရက်နေ့ ရုံးချိန်းမှာ ဗီဇာရက်လွန် နေထိုင်လို့ ဆိုပြီး လဝက ဥပဒေနဲ့ အမှုထပ်တိုး တရားစွဲလိုက်ပါတယ်။

ဒီအမှုကိုတော့ ဇမ္ဗူသီရိမြို့နယ် လဝက ဦးစီးမှူးက တရားလိုလုပ်ပြီး တရားစွဲတာ ဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အခု ဖမ်းဆီးထောင်ချခံရတဲ့ သတင်းထောက်တွေဟာ အောက်တိုဘာလ ၂၈ရက်က အဖမ်းခံရပြီး ဗီဇာသက်တမ်း ကုန်လွန်တာဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ဖြစ်တာဖို့ အဖမ်းခံရရင်း ကျော်လွန်တာနဲ့ အမှုထပ်စွဲတာဟာ မဖြစ်သင့်ဘူးလို့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုပါတယ်။

ဖမ်းဆီးထောင်ချ တရားစွဲခ့ရသူတွေဟာ တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာနက သတင်းထောက်တွေ ဖြစ်ပြီး သူတို့ကို စကားပြန်လုပ်ပေးတဲ့ သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင်လည်း ထောင်နှစ်လ ချမှတ်ခံထားရပြီး အမှုရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

သူတို့ကို နေပြည်တော် လွှတ်တော် အဆောက်အအုံနဲ့ မလှမ်းမကမ်းမှာ ဒရုန်းနဲ့ ဓါတ်ပုံရိုက်နေရင်း အောက်တိုဘာ ၂၈မှာ အဖမ်းခံရပြီး နိုဝင်ဘာ ၁၀ရက်နေ့က လေကြောင်းအက်နဲ့ ထောင်နှစ်လ ချပြီး ဖြစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၄ရက်နေ့ကို ချိန်းဆိုထားပါတယ်။