လူမျိုးတိုင်း အခွင့်အရေး လေးစားဖို့ ပုပ်ပြော

  • 28 နိုဝင်ဘာ 2017
Image caption ပုပ်ရဟန်းမင်းကြီးက နေပြည်တော်မှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာလ ၂၈ ရက်က နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

ခေါင်းဆောင်နှစ်ဦးနဲ့ တွေ့ဆုံအပြီး ညနေပိုင်းမှာ အရပ်ဖက် အဖွဲ့အစည်းက လူတွေနဲ့ တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းစဉ်ဟာ တရားမျှတရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာမှသာ ရှေ့ဆက် နိုင်မှာဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်ကြီး အတွက် မြန်မာနိုင်ငံက ဘာသာရေး အဖွဲ့အစည်းတွေမှာ တာဝန်ရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

မတူညီတဲ့ ဘာသာရေး ယုံကြည်မှုတွေက စိတ်ဝမ်းကွဲမှုနဲ့ အယုံအကြည် ကင်းမဲ့မှုကို ဖန်တီးတဲ့ ရင်းမြစ် မဖြစ်စေဘဲ စည်းလုံး ညီညွတ်ခြင်းနဲ့ ခွင့်လွှတ်၊ စိတ်ရှည် သည်းခံခြင်းတို့နဲ့ အသိပညာ ပြည့်ဝတဲ့ နိုင်ငံ တည်ဆောက်ရေးမှာ ခွန်အား ဖြစ်ရမယ် လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ပုပ်နဲ့ ဒေါ်အောင်ဆန်း စုကြည်

ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ မတူကွဲပြားမှု အပေါ် အကြောင်းပြုပြီး ခွဲခြားဖို့မဟုတ်ဘူး ဆိုတဲ့ အချက်ကို ထောက်ပြ သွားတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှု ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ပြောပါတယ် ။

ဒေါ်အောင်ဆန်း စုကြည် ကတော့ မြန်မာနိုင်ငံ ရခိုင်အရေးဟာ ကမ္ဘာ့နိုင်ငံ အများစုရဲ့ အာရုံစိုက်မှု ဖြစ်ပေါ်စေခဲ့ကြောင်းနဲ့ နိုင်ငံတွင်းက လူတစ်ဦး တစ်ယောက်ချင်းစီအတွက် တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို အာမခံနိုင်မယ့် ဥပဒေနဲ့ အဖွဲ့ အစည်းတွေကို အခြေခံထားတဲ့ နိုင်ငံ တည်ဆောက်ရေးတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ကိုယ့်နိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းရေး အတွက် နိုင်ငံသားတွေ ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကြောင့် မြန်မာ ပြည်သူတွေရဲ့ စဉ်းစား တွေးခေါ်မှုတွေမှာ သဟဇာတဖြစ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုတဲ့ အတွေးအခေါ်တွေ အားကောင်း လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့က ဦးအေးလွင်က ပြောပါတယ်။

အခုချိန်ထိတော့ ပုပ်ရဟန်းမင်းကြီးက လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုနေသလို ရခိုင်အရေးမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့ခြင်းမရှိပါဘူး။