ကလေးစစ်သား ဖြစ်ခဲ့ရသူ တပ်က ထွက်ဖို့ ကြိုးစား နေချိန် ထိန်းသိမ်းခံနေရ

  • 30 နိုဝင်ဘာ 2017
Image caption ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတွေကို တပ်မတော်က ပြန်လွှတ်ပေးနေတာ ၈၄၉ ဦးရှိပြီလို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ပြော

လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ကလေးစစ်သား အဖြစ် စုဆောင်းခံခဲ့ရပြီး အခု တပ်မတော် ကနေ နုတ်ထွက်ခွင့် ရဖို့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO အဖွဲ့ကို ပန်ကြားထားတဲ့ တပ်မတော်သား တစ်ယောက် ထိန်းသိမ်းခံ နေရပါတယ်။

မြိတ်မြို့နယ် အလယ်ချောင်း ကျေးရွာ အမှတ် ၄၀၁ အမြောက်တပ်ရင်းမှာ တပ်သားအဖြစ် စုဆောင်း ခံခဲ့ရချိန်က အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ကိုမျိုးလင်းအောင်ဟာ အခု လောလောဆယ် အချိန်မှာ ဒုတပ်ကြပ် အဆင့်နဲ့ အမှတ် (၃၀၈) ဘုတ်ပြင်း အမြောက် တပ်ရင်းမှာ ရှိနေပါတယ်။

တပ်ကနေ နုတ်ထွက်ခွင့် ရဖို့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ကတည်းက မိခင်အမြောက်တပ်ရင်း နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ကို စာတင်ထားပြီး လက်ခံ စစ်ဆေးဆဲ ကာလမှာ တပ်မတော်ကနေ ဖမ်းဆီးချုပ်နှောင်တာ မလုပ်ဖို့ ညွှန်ကြားစာ Protection Letter ကို ILO က ထုတ်ပေးထားခဲ့ပါတယ်။

ဒီစာနဲ့ အတူ တပ်ကနေ မိသားစု နေအိမ်ကို တပ်က ခွင့်ပြုချက်မရခင် ပြန်လာခဲ့တဲ့အချိန် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းမှာ သူ့ကို တပ်ပြေးအဖြစ် တပ်ရင်းက ပြန်လည်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီးတပ်ရင်းကနေ အပြင်ထွက်ခွင့် ပိတ်ထားတာလည်း ခံလိုက်ရတယ်လို့ ကိုမျိုးလင်းအောင်က ဘီဘီစီ ကို ပြောပါတယ်။

ILO ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တိုင်ကြားစာ လက်ခံရထားပြီး အသက်မပြည့်ခင် တပ်သားသစ် စုဆောင်း ခံခဲ့ရတဲ့ အချက်အလက်တွေ တွေ့ရှိရတဲ့အတွက် ပြန်လွှတ်ပေးဖို့ တပ်မတော်ကို တင်ပြထားတယ်လို့ ပြောပါတယ်။

ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ညှိနှိုင်းရေးမှူး Piyamal Pichaiwongse ကတော့ အသက်မပြည့်ခင် ကလေးစစ်သားအဖြစ် စုဆောင်းခံပြီး နုတ်ထွက်ခွင့် ပေးဖို့ တောင်းခံချက်ကို စိစစ်နေကြဆဲ အချိန် မှာ တပ်ပြေးအဖြစ် ပြန်လည် ဖမ်းဆီး ခံရတာဟာ ကိုမျိုးလင်းအောင် က ပထမဆုံး မဟုတ်ဘူးလို့ ဆိုပါတယ်။

တပ်မတော်ဖက်ကလည်း ကလေးစစ်သား အရေးကို မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂက ဖွဲ့စည်း ပေးထားတဲ့ CTFMR လို့ခေါ်တဲ့ နိုင်ငံတွင်း စောင့်ကြည့်လေ့လာ သတင်းပို့ရေး အဖွဲ့ နဲ့ ILO အပါအဝင် နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ဦးစီးကော်မတီ က ပြောပါတယ်။

ကိုမျိုးလင်းအောင် ကတော့ သူရဲ့နုတ်ထွက်ခွင့် နဲ့ပတ်သက်လို့ တပ်ဖက်က တိကျတဲ့ အကြောင်း ပြန်ကြားချက် မရသေးဘူးလို့ ဆိုပါတယ်။

ကလေးစစ်သားအရေး တိုင်ကြားချက်တွေဟာ ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်တွေအတွင်း အများဆုံး လက်ခံရခဲ့ပြီး တစ်လကို ပျမ်းမျှ အမှု ၂၀ လောက် တိုင်ကြားစာ လက်ခံရရှိ တယ်လို့ CTFMR က ဘီဘီစီကို ပြောပါတယ်။

ဒီတိုင်ကြားချက် အမှုတွေကို စိစစ်ရာမှာ တပ်ဖက်က မြန်မြန်ဆန်ဆန် ကိုင်တွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ ILO ဘက်က ပြောပါတယ်။

အရွယ်မရောက်ခင် ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူတွေကို တပ်မတော်က ၂၀၁၂ ခုနှစ် ကတည်းက ပြန်လွှတ်ပေးနေရာမှာ အခုထိ ၈၄၉ ဦး လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ CTFMR ကထုတ်ပြန်ပါတယ်။

ဒါပေမယ့် တပ်တွင်းမှာ ပြန်လွှတ်ပေးဖို့ အရေအတွက် ဘယ်လောက် ကျန်နေသေးလဲဆိုတာ ကိုတော့ CTFMR ကရော၊ ILO ကပါ မခန့်မှန်းနိုင်ဘူးလို့ ပြောပါတယ်။