ဆရာတော် အရိုက်ခံရမှု အမှုမှန်ပေါ်ရေး ဆောင်ရွက်နေ

  • 3 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Myanmar Police Force Facebook
Image caption ဝိုင်းရိုက်တဲ့ သူ ၃ ဦးထဲက ၂ ဦး ကိုတော့ ဖမ်းမမိ သေးဘဲ၊ ဆိုင် ပိုင်ရှင် ကိုပဲ ရဲက ဖမ်းထားပြီး ပုဒ်မ သုံးခုနဲ့ အမှု ဖွင့်ထားပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က ထောက်ကြန့် မြို့နယ်က ဘီယာဆိုင် တဆိုင်မှာ သက်တော် ၆၀ကျော် ရှိတဲ့ ဆရာတော် တပါးကို လူ ၃ယောက် က ဝိုင်းရိုက် တဲ့ ဗီဒီယိုဖိုင် လူမှု ကွန်ရက်မှာ တက်လာပြီးတဲ့ နောက်ပိုင်း အရိုက်ခံ ရတဲ့ ဆရာတော်ဟာ ရမ်းဗြဲမြို့နယ် ဇာတိ သက်တော် ၆၇ ဝါတော် ၄၇ ရှိတဲ့ ဆရာတော် ဘဒ္ဒန္တဣန္ဒက ဖြစ်ပါတယ်။

ရေကို ရခိုင်လို ရွီလို့ ခေါ်တဲ့ အတွက် ဆရာတော်က ရွီယာ ပေးပါလို့ ပြောတာကို၊ ဘီယာ ပေးပါ လို့ အထင်မှားပြီး အခုလို ရိုက်နှက်တဲ့ အထိ ဖြစ်ခဲ့ ရတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရမ်းဗြဲ မြို့နယ် အသင်း ရန်ကုန်က အမှုမှန် ပေါ်ဖို့ ဆောင်ရွက်နေ ကြောင်း ရမ်းဗြဲ အသင်း ဥက္ကဌ ဦးစိုးဝင်းက ဘီဘီစီကို ပြောပါ တယ်။

ထိုးကြိတ် ထားတဲ့ မျက်နှာက ဒဏ်ရာတွေ ကတော့ နည်းနည်း လျော့လာပြီ ဖြစ်ပေမယ့် ဆွမ်းကောင်းကောင်း ဘုန်းပေးဖို့ မရနိုင် သေးဘူး လို့ ဆိုပါတယ်။

ဝိုင်းရိုက်တဲ့ သူ ၃ ဦးထဲက ၂ ဦး ကိုတော့ ဖမ်းမမိ သေးဘဲ၊ ဆိုင် ပိုင်ရှင် ကိုပဲ ရဲက ဖမ်းထားပြီး ပုဒ်မ သုံးခုနဲ့ အမှု ဖွင့်ထားပါတယ်။

ရမ်းဗြဲ အသင်း အနေနဲ့ အကော်မတီ ဖွဲ့ပြီး ဥပဒေပညာ ရှင်တွေနဲ့ စီစဉ် ဆောင်ရွက် မှုတွေ လုပ်နေပေမယ့် ဆရာတော်ကတော့ ဘာမှ ဆက်မလုပ် ကြဖို့ ပြောတယ်လို့ ဆိုပါတယ်။

ဒါကို ခုတုံးလုပ်ပြီး အမြတ်ထုတ် မှာတွေကိုလည်း စိုးရိမ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။