တရက်အနိမ့်ဆုံးလုပ်ခ တိုးဖို့ ဆန္ဒပြ

  • 3 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Thet Brave
Image caption မီးခွက်ဈေးရှေ့မှာ စုဝေးပြီး ရန်ကုန်ပုသိမ်လမ်းမတလျှောက်ချီတက်၊ အောင်မြင်သာယာ ဘောလုံးကွင်းမှာ ရပ်နား

အနိမ့်ဆုံးတနေ့ လုပ်အားခ ၅၆၀ဝ ကျပ်အထိ တိုးပေးဖို့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း ဒေသတွေမှာ ဒီဇင်ဘာလ ၃ ရက်နေ့က အလုပ်သမား ဆန္ဒပြပွဲတွေ တပြိုင်နက် ကျင်းပခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ အလုပ်သမား အရေအတွက်ဟာ NLD အစိုးရတက်လာပြီး နောက်ပိုင်း ပါဝင်မှုနှုန်း အများဆုံးဖြစ်ပြီး ရန်ကုန်က မင်္ဂလာဒုံ၊ ရွှေပေါက်ကံ၊ ထောက်ကြံ့၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနဲ့ ပဲခူးစတဲ့ နေရာတွေက အလုပ်သမား ၄၀ဝ၀ ကျော် အထိ ပါဝင်ခဲ့ပြီး မန္တလေးနဲ့ စစ်ကိုင်းဘက်က အလုပ်သမား ပါဝင်မှုကလည်း ၂၀ဝ၀ ထောင် ဝန်းကျင် အထိ ရှိခဲ့ပါတယ်။

အလုပ်သမားတွေ လက်ရှိရနေတဲ့ အနိမ့်ဆုံး တနေ့လုပ်အားခ ၃၆၀ဝ ကျပ်နဲ့ စားဝတ်နေရေး လုံလောက်မှု မရှိတဲ့အပြင် အခုလို ၃၆၀ဝ သတ်မှတ်ထားတဲ့ ၂၀၁၅ ခုနှစ်က ဥပဒေပါအချက်အတိုင်း ၂ နှစ်ပြည့်ရင် ပြောင်းလဲ သတ်မှတ်မယ် ဆိုပေမယ့် အခုအချိန်အထိ တိုးမပြောင်းသေးတဲ့အတွက် အခုလို ဆန္ဒပြရတာလို့ စက်ရုံတခုရဲ့ အလုပ်သမား သမဂ္ဂ ဥက္ကဌ တဦးဖြစ်တဲ့ မလှလှက ဘီဘီစီ ကိုပြောပါတယ်။

ဒါတွေကို ဖြေရှင်းမပေးတဲ့ အတွက် အလုပ်သမားတွေ အခက်အခဲ တွေ့နေပြီး လုပ်ခလစာ တိုးတောင်းတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂမှာ ပါဝင်သူတွေ အလုပ် ထုတ်ခံရတာတွေလည်း ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလာက အနိမ့်ဆုံး တနေ့လုပ်အားခ ၃၆၀ဝ သတ်မှတ်ခဲ့တဲ့အချိန်မှာ ဒါဟာ တရက်ကို အမေရိကန် ၃ ဒေါ်လာနှုန်း ဖြစ်တယ်လို့ အစိုးရဘက်က ပြောခဲ့ပေမယ့် အမေရိကန် ဒေါ်လာဈေး တက်လာခဲ့တဲ့အတွက် ၂ ဒေါ်လာကျော်သာ ရှိနေပြီး တခြား အလုပ်သမား အခွင့်အရေး ထိပါးမှုတွေ ရှိနေတဲ့အတွက် အလုပ်သမား အခွင့်အရေး ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းပေးဖို့လည်း လိုအပ်နေကြောင်း ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားအရေး လှုပ်ရှားသူ မလှလှက ဘီဘီစီကို ပြောပါတယ်။

အနိမ့်ဆုံး တနေ့ လုပ်အားခကို ဥပဒေအရ ၂ နှစ် တကြိမ် ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ဒီလို ပြောင်းလဲဖို့အတွက် တိုင်းနဲ့ ပြည်နယ်အလိုက် ကော်မတီတွေ ဖွဲ့ပြီး အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေးရဦးမှာ ဖြစ်တဲ့အတွက် ထိုက်သင့်သလောက် အချိန်ယူရဦးမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သြဂုတ်လကတည်းက ဘီဘီစီကို ပြောဆိုထားပါတယ်။

အလုပ်ရှင်ကဘက်ကတော့ သယ်ယူပို့ဆောင်စရိတ်တွေ တက်လာတဲ့အပြင် လက်ခစား စနစ်နဲ့ ချုပ်တဲ့ အထည်ချုပ်စက်ရုံတွေမှာ အပ်ထည်လည်း ကျဆင်းတာတွေ ရှိနေပြီး တခြား ကုန်ကျစားရိတ်တွေလည်း များလာတဲ့အတွက် အလုပ်သမားတွေ တောင်းနေတဲ့ နှုန်းထားကို ပေးချေနိုင်ဖို့ အခြေအနေ မရှိကြဘူးလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။