ဝ တပ်ဖွဲ့ရဲ့ တောင်းဆိုချက်တွေက ဘာလဲ

  • 4 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် NYI Rang
Image caption ဝ ခေါင်းဆောင် ပေါက်ယူချန်းနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ယူနန်ပြည်နယ် ကူမင်းအစိုးရနဲ့ သဘောတူခဲ့တဲ့ ဝ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ဝ ဒေသ ပန်ဆန်းမှာ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီဆွေးနွေးပွဲမှာ ယူနန်အစိုးရနဲ့ ဝ အကြား ဆွေးနွေးပွဲတွေ လုပ်ဖို့ ဝ ဘက်က တင်ပြခဲ့ပါတယ်။ ယူနန်ပြည်နယ်နဲ့ ဆွေးနွေးမှုတွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု ၊ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ၊ ဝ ဒေသ နဲ့ ယူနန်ပြည်နယ် နယ်စပ်တလျှောက်က နယ်ခြားမှတ်တိုင်တွေနဲ့ နယ်နိမိတ်တွေ အပြန်အလှန်အသိအမှတ်ပြုရေး ကိစ္စတွေလည်း ပါဝင်တယ်လို့ ဝ တပ်ဖွဲ့အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ပန်ဆန်းမှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဝ ခေါင်းဆောင်တွေအကြား ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ သဘောတူညီချက်တော့ ရခဲ့တာတော့ မရှိပါဘူး။

ဝ တပ်ဖွဲ့ဘက်က တင်ပြခဲ့တဲ့ အချက်တွေကတော့

(၁) မြန်မာနိုင်ငံတော်အစိုးရနဲ့ "ဝ" ဒေသ ပြည်သူ့အစိုးရအကြား ၂ဘက်ယုံကြည်မှုဆက်လက် တည်ဆောက်ဖို့

(၂) "ဝ"ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန် စေရန် လမ်းသစ်တွေဖေါက်လုပ်နိုင်ဖို့အတွက် မြန်မာအစိုးရဘက်က လမ်းခင်းကတ္တရာတွေ ပေးပို့ပေးနိုင်ဖို့

ဓာတ်ပုံ မူပိုင် Nyi Rang
Image caption အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်တာက ထူးခြားချက်ဖြစ်

(၃)"ဝ"ဒေသ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ လိုအပ်မှုရှိလာသော လျှပ်စစ်မီးရရှိနိုင်ရန် မိုင်းမောခရိုင် မန်တွန်းမြို့နယ် တွင် ကီလိုဝပ်၆သောင်းထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စက်ရုံ ၁ရုံ တည်ဆောက်ခြင်း ကိုနိုင်ငံတော်မှ ခွင့်ပြုပေးနိုင်ရန်။

( မန်တွန်းမြို့နယ်ဆိုတာ ဝ ဒေသ သတ်မှတ်ချက်အရမြို့နယ်ဖြစ်ပြီး အရင် သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ အဲဒီ ဒေသဟာ ၁၉၈၉ ခုနစ်မတိုင်ခင်က လားရှိုးမြို့နယ်ထဲပါဝင်တဲ့ ဒေသဖြစ်ခဲ့တာပါ။ သံလွင်မြစ်နဲ့ မနီးမဝေးမှာ ရှိတဲ့ အဲဒီဒေသက စီမံကိန်းကို သံလွင်မြစ်ဝှမ်းစီမံကိန်းအဖြစ်သာ သဘာဝပတ်ဝန်းကျင်အရေး လေ့လာသူတွေက သတ်မှတ်ထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက သံလွင်စီမံကိန်း အားလုံးရဲ့နီးပါး ရင်းနှီးမြှပ်နှံသူဟာ အခု ဝ တောင်းတဲ့ မန်တွန်းမှအပ အားလုံးဟာ တရုတ်စီမံကိန်းတွေဖြစ်ပြီး ထွက်ရှိတဲ့ လျှပ်စစ်အားလုံး နီးပါးဟာ တရုတ်နဲ့ ထိုင်းနိုင်ငံကို ပေးပို့ဖို့ ရည်ရွယ်ထားခဲ့တဲ့ စီမံကိန်းတွေဖြစ်ပါတယ်။ )

(၄) မိုင်းပေါက်-မိုင်းလား-ကျိုင်းတုံ လမ်းအကြားတွင်ရှိသော ဝမ်တာပင်း တံတားပိတ်ထားတဲ့အတွက် ပြည်သူတွေ နစ်နာနေလို့ ပြန်ဖွင့်ပေးဖို့ ဝ ဘက်က တင်ပြခဲ့ပါတယ်။ ( အဲဒီ တံတားဟာ မိုင်းလား - ကျိုင်းတုံလမ်းမှာရှိပြီး မိုင်းလားနယ်ထဲကို ဝ တပ်ဖွဲ့တွေ ဝင်ရောက်ခဲ့တဲ့ ၂၀၁၆ ခုနစ် အောက်တိုဘာလ ကတည်းက အစိုးရတပ်မတော်ဘက်ကလည်း အဲဒီတံတားနားမှာ ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပါတယ်။ အစိုးရ ကတော့ ဝ တပ်ဖွဲ့တွေ မိုင်းလားနယ်ထဲက ဆုတ်ပေးရင် ဂိတ်တွေ ပြန်ဖွင့်ပေးမယ့် အခြေအနေရှိနေပါတယ်။ )

ဓာတ်ပုံ မူပိုင် Nyi Rang
Image caption ဝ- မိုင်းလား နယ်စပ်မှာတွေ့ရတဲ့ အစိုးရ ကိုယ်စားလှယ်တွေ

(၅) "ဝ" ဒေသက ကျောင်းသားလူငယ်တွေ လားရှိုး ၊ မန္တလေး ၊ ရန်ကုန်မြို့တွေမှာ ဆက်လက် ပညာသင်ကြားနိုင်ဖို့အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေ လူဝင်မှုကြီးကြပ်ရေးဌာနမှ စိစစ်ပြီးထုတ်ပေးဖို ့ ( ဝ ဒေသမှာ လူဦးရေ တသောင်းလောက်သာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ရှိတယ်လို့ ၂၀၁၅ ခုနစ်တုန်းက ဝ တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မီဒီယာတွေကို ပြောဆိုခဲ့ဖူးပါတယ်။ )

(၆) မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် MNDAA ၊ တအာင်း/ပလောင် TNLA ရက္ခိုင့်တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အား ရှမ်းပြည်နယ်လွှတ်တော်မှ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားမှုကြောင့် ပြဿနာပိုမိုရှုပ်ထွေးစေပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုအား ပယ်ဖျက်ပေးဖို့ ဝ တပ်ဖွဲ့က တင်ပြခဲ့ပါတယ်။

(၇)UWSAဒု ဥက္ကဌ Tax Ngox khuat (ဦးရှောက်မင်လျန်)က "ဝ" ဒေသဟာ မြန်မာနိုင်ငံမှ ဘယ်တော့အခါမှ ခွဲထွက်ခြင်းမပြုပါ ဟူသော သဘောထားပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Nyi Rang
Image caption တရုတ်သံတမန် ဆွန်းကော့ရှန်လည်း အစိုးရ ကိုယ်စားလှယ်နဲ့အတူ ဝ ဒေသကို သွားရောက်ခဲ့

ဝ တပ်ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ဝ တပ်ဖွဲ့ကို နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဘက်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဝ ဘက်ကတော့ သူဦးဆောင်နေတဲ့ အန်စီအေလက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ FPNCC ကော်မတီက ထုတ်ပြန်ထားတဲ့ နိုင်ငံရေးမူဘောင်တွေအတိုင်းသာ ဆက်လက်ဆောင်ရွက်မယ်ဆိုပြီး ဆွေးနွေးခဲ့ပါတယ်။

ဝ တပ်ဖွဲ့ဦးဆောင်နေတဲ့ မြောက်ပိုင်း FPNCC အဖွဲ့ကတော့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လမ်းကြောင်းနဲ့ မတူတဲ့ မူဘောင်ကို ကိုင်စွဲထားတာဖြစ်ပြီး သူတို့အဖွဲ့ထဲက ကိုးကန့် ၊ တအာင်းပလောင် TNLA၊ အေအေ ရက္ခိုင့်တပ်မတော်တို့ဟာ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြား တိုင်းရင်းသားလက်နက်ကိုင်တွေနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရတဲ့ အဖွဲ့တွေဖြစ်ပါတယ်။