ရခိုင်အမျိုးသားပါတီမှ အမှုဆောင်တဦး နုတ်ထွက်

  • 4 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် ANP
Image caption လက်တွဲ ဆောင်ရွက် နိုင်တဲ့ အခြေ အနေ မရှိ တော့တဲ့ အတွက် နုတ်ထွက် ရတာလို့ ဖော်ပြထား ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ တုန်းက ရခိုင်ပြည်နယ်မှာ အနိုင်ရတဲ့ ပါတီဖြစ်တဲ့ ရခိုင် အမျိုးသား ပါတီက ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ဦးကျော်ဇောဦးဟာ ပါတီ ကနေ နုတ်ထွက်စာ တင်လိုက်ပါပြီ။

ဦးကျော်ဇော်ဦးရဲ့ နှုတ်ထွက်စာကို ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စစ်တွေမှာရှိတဲ့ ပါတီရုံး ချုပ်မှာ တင်ထား ခဲ့တာလို့ ရခိုင် အမျိုးသား ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းမှာ ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ဒီလိုနုတ်ထွက်မှုဟာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက ပါတီခေါင်းဆောင် ဒေါက်တာအေး မောင်နုတ်ထွက်ခွင့် တင်ပြီးနောက် ဒုတိယမြောက် ထိပ်တန်း ခေါင်းဆောင် တဦးက နုတ်ထွက်စာ တင်မှု ဖြစ်လာခဲ့ တာပါ။

နုတ်ထွက်စာ ထဲမှာ လက်တွဲ ဆောင်ရွက်ခဲ့ ပေမဲ့ လက်တွဲ ဆောင်ရွက် နိုင်တဲ့ အခြေ အနေ မရှိ တော့တဲ့ အတွက် နုတ်ထွက် ရတာလို့ ဖော်ပြထား ပါတယ်။

ပါတီရဲ့ စည်းမျဉ်း အရတော့ ဗဟို အလုပ်အမှုဆောင် တယောက်( သို့မဟုတ် ) လွှတ်တော် ကိုယ်စားလှယ် တဦးဦးဟာ နုတ်ထွက် ချင်ရင် ရှင်းလင်း စရာ ကိစ္စတွေကို ရှင်းလင်းပြီး ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်း အဝေး ကနေ နုတ်ထွက် ခွင့် ပြုသင့် မပြုသင့် ဆုံးဖြတ်ပြီးမှ နုတ်ထွက်ခွင့် ရှိတာ ဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

ရခိုင် အမျိုးသားပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ နှစ်ပါတီပေါင်း ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ပါတီလည်း ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာတော့ အတိုက် အခံ လုပ်မယ် ဆိုတဲ့ ပါတီရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်တယ် ဆိုပြီး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ကနေ လာခဲ့တဲ့ သူအချို့ကို ပါတီက ထုတ်ပယ်ခဲ့ ပါတယ်။

အခု နောက်ပိုင်းမှာ ပါတီတွင်း မကျေလည်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ နုတ်ထွက်မှုတွေ ရှိလာ ခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးကျော်ဇောဦးဟာ ၂၀၁၄ ခုနစ်မှာ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဖြစ်လာ ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ကလည်း ပါတီရဲ့ ဗဟို ကော်မတီဝင် တယောက်ဖြစ်တဲ့ အမ်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးဟာ ပါတီ ကနေ နုတ်ထွက်ခဲ့ ပါတယ်။