ပြည်နယ်အချို့မှာ တိုင်းရင်းသား ဘာသာသင် ဆရာတွေ ထောက်ပံ့ကြေးမရ

  • 5 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ချောင်းဆုံမြို့နယ်က စာသင်ကျောင်းတကျောင်းကိုတွေ့ရစဉ်

တိုင်းရင်းသားဒေသတွေက အခြေခံပညာကျောင်းတွေမှာ ကျောင်းချိန်ပြင်ပ တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေတဲ့ လုပ်အားပေး ဆရာ ၊ ဆရာမတွေဟာ ၂၀၁၇ ပညာသင်နှစ်စတင်တဲ့ ဇွန် ၊ ဇူလိုင်လကစလို့ ထောက်ပံ့ကြေးမရတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

မွန်ပြည်နယ် ကရင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်က ဒေသအချို့နဲ့ တချို့ ပြည်နယ်တွေမှာလည်း အလားတူ အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ ဘီဘီစီက လက်လှမ်းမှီသမျှစုံစမ်းမှုတွေအရ သိရပါတယ်။

အခြေခံ ပညာရေး ဦးစီးဌာန ရုံးချုပ်ကနေ ဘတ်ဂျက်ငွေ ပြန်လည်ခွဲဝေပေးမှု နောက်ကျနေတာကြောင့် မရသေးတာဖြစ်တယ်လို့ မွန်ပြညနယ်ပညာရေးမှူး ဦးမျိုးတင့်အောင်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်မှာဆိုရင် မွန် ၊ ကရင် ၊ ပအိုဝ်း တိုင်းရင်းသားဘာသာတွေကို ကျောင်းချိန်ပြင်ပ အနေနဲ့ အခြေခံ ပညာကျောင်းတွေမှာ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

သင်ကြားပေးနေတဲ့ ဆရာ ၊ ဆရာမတွေကို ထောက်ပံ့ကြေး တလ ၃ သောင်း ပေးနေတာဖြစ်တယ်လို့လည်း ဦးမျိုးတင့်အောင်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်က တချို့ကျောင်းတွေက၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် ပြီးခဲ့တဲ့ ဇွန်လကတည်းက တိုင်းရင်းသားဘာသာ သင်ကြားမှု ပြန်လည် စနေတဲ့တာ ဖြစ်ပြီး တချို့ကျောင်းတွေကတော့ ဇူလိုင်လကမှ ကျောင်းချိန်ပြင်ပ သင်ကြားမှု စနေခဲ့တာဖြစ်တယ်လို့ ဦးမျိုးတင့်အောင်က ပြောပါတယ်။

ရှမ်းပြည်နယ် မိုးနဲမြို့နယ်မှာဆိုရင်လည်း နေ့စားလပေးသင်တဲ့ ဆရာတွေ ထောက်ပံ့ကြေးမရတာတွေ ရှိနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလျှန်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား ဘာသာ သင်ကြားမှု စတင်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာလည်း စေတနာနဲ့ တိုင်းရင်းသားဘာသာ သင်ကြားပေးတဲ့ ဆရာတွေအတွက် အခက်အခဲက မကြာခဏဆိုသလှိ ရှိနေခဲ့တယ်လို့လည်း စိုင်းမွန်းလျှံက ဆိုပါတယ်။

အခုလို နေ့စားလပေးစနစ်နဲ့ ထောက်ပံ့ကြေးပေးနေတဲ့ ဆရာတွေကို ထောက်ပံ့ကြေးအချိန်မီမပေးနိုင်တာတွေ ရှိနေပေမဲ့ ပညာရေးဝန်ကြီးဌာနအောက်က အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံထားရတဲ့ ဆရာ ဆရာမတွေကိုတော့ လစာအမြဲပေးနေခဲ့ပါတယ်။

တိုင်းရင်းသားဘာသာစာပေသင်ကြားရေးကို အဆင်မပြေအောင်လုပ်တဲ့ သဘောတောင်ဖြစ်နေတယ် လို့ တိုင်းရင်းသား ပညာရေးအကြောင်း လေ့လာနေတဲ့ စောကပီက မှတ်ချက်ပြုပြောဆိုပါတယ်။

ဒီလို စေတနာနဲ့ သင်ကြားပေးနေသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ထောက်ပံ့ကြေးပုံမှန်ပေးသင့်ပြီး တိုင်းရင်းသားဘာသာသင်ကြားရေးဟာ လက်ရှိအနေအထားနဲ့ လုံလောက်မှု မရှိတဲ့အတွက် ကျောင်းချိန်မှာ သင်နိုင်အောင်ပါ အစိုးရအနေနဲ့ အလျင်အမြန် ဆောင်ရွက်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျှန်းခမ်းက ပြောပါတယ်။

အခြေခံ ပညာကျောင်းတွေမှာ တိုင်းရင်းသားဘာသာစာပေသင်ကြားပေးနေတဲ့ ဆရာဆရာမတွေကို နေ့စားလပေးဆရာတွေအဖြစ် ခန့်အပ်မယ်လို့ မကြာသေးခင်ကပဲ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။