မြဝတီမှာ လေယာဉ်ပစ် ကျည်ဆန်တွေ ဖမ်းမိ

  • 5 ဒီဇင်ဘာ 2017
Image caption ၁၂.၇ မီလီမီတာ လေယာဉ်ပစ် ကျည်ဆန် တွေကို တွေ့ရှိ

ကရင်ပြည်နယ် ထိုင်း မြန်မာနယ်စပ် မြဝတီမြို့မှာ လေယာဉ်ပစ် ကျည်ဆန် တွေ ဖမ်းမိပါတယ်။

လေယာဉ်ပစ် ကျည်ဆန်တွေကို မြဝတီမြို့နယ် သင်္ကန်း ညီနောင် ရွာသစ်ကျေးရွာ ကွက်သစ်က ကိုစံလင်း (ခေါ်) ကိုဂျွန်ဆိုတဲ့သူ ငှားရမ်းထားတဲ့ အိမ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်က အဲဒီအိမ်ကို သတင်းအရ သင်္ကန်း ညီနောင် ရဲစခန်းက တခြား တာ၀န်ရှိ သူတွေနဲ့ အတူ ဝင်ရောက် ရှာဖွေရာမှာ ၁၂.၇ မီလီမီတာ လေယာဉ်ပစ် ကျည်ဆန် တွေကို တွေ့ရှိသိမ်း ဆည်းရမိတယ်လို့ သင်္ကန်းညီနောင် ရဲစခန်း က ဒုရဲအုပ် သက်နိုင်ဦး က ဘီဘီစီကို ပြောပါတယ်။

ဒီအိမ်ကို ၀င်ရောက် ရှာဖွေတဲ့ အချိန်မှာ အိမ်ကို ငှားထားတဲ့ ကိုစံလင်း (ခေါ်) ကိုဂျွန်နဲ့ သူ့ရဲ့ဇနီး မခါးဘူး(ခေါ်) လဘန်ခါးဘူးတို့ဟာ မြစ်ကြီးနားကို ရောက်နေပါတယ်။

အဲဒါကြောင့် မြစ်ကြီးနား ရဲစခန်းကို ဆက်သွယ်ပြီး သူတို့ ၂ ယောက်ကို ဖမ်းဆီး ထားနိုင်ပြီး ဖြစ်တယ်လို့ ဒုရဲအုပ် သက်နိုင်ဦး က ပြောပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းကို အမှုရှစ်မှုနဲ့ တရားရုံးတင်စစ်ဆေး

ဗိုလ်ချုပ်မှူးကြီး အာဆီယံ လက်နက်ပြပွဲ တက်ရောက်

မြန်မာကို စစ်ဘက်နဲ့ ဆိုင်တဲ့ ပစ္စည်းရောင်းချခွင့် အစ္စရေး ပိတ်ပင်

Image caption လက်နက် ခဲယမ်းတွေ မြန်မာနိုင်ငံထဲ နည်းမျိုးစုံနဲ့ ခိုးသွင်း

နေပြည်တော် လက်နက်နဲ့မူးယစ်မှု ၈ ဦးကိုဖမ်းထား

လောလောဆယ် ကိုစံလင်း (ခေါ်)ကိုဂျွန်တို့ လင်မယား ၂ ယောက်ကို မြစ်ကြီးနား ရဲစခန်းကနေ သင်္ကန်း ညီနောင် ရဲစခန်းကို မပို့လာသေးတာကြောင့် သူတို့ကို မစစ်ဆေးရသေးလို့ သူတို့ ဒီလေယာဉ်ပစ် ကျည်ဆန်တွေကို ဘယ်ကနေရပြီး ဘယ်ကို သယ်ဆောင် သွားမယ် ဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။

ကိုစံလင်း (ခေါ်) ကိုဂျွန်တို့ဟာ သာမန် လက်နက်မှောင်ခိုသမား တွေလား၊ အဖွဲ့အစည်းတွေရဲ့ လက်နက် အဝယ်တော်တွေလား ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ် လို့သိရပါတယ်။

ဒီထိုင်း မြန်မာနယ်စပ် ကနေ တရားမဝင် လက်နက် ခဲယမ်းတွေ မြန်မာနိုင်ငံ ထဲကို နည်းမျိုးစုံနဲ့ ခိုးသွင်းမှုတွေရှိနေလို့ ရဲတပ်ဖွဲ့နဲ့ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ တွေက မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၇ လ ပိုင်းတုန်းကလည်း ဒီနယ်စပ်မှာ တီအန်တီယမ်းတွေ ဖမ်းဆီး ရမိတာရှိတယ်လို့ သင်္ကန်း ညီနောင်ရဲစခန်းက ဒုရဲအုပ်သက်နိုင်ဦးကပြောပါတယ်။