လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်လို့ ဆုံးဖြတ်

  • 5 ဒီဇင်ဘာ 2017
Image caption အိုးအိမ် နေရပ်တွေကနေ အတင်းအဓမ္မ နှင်ထုတ် ခံခဲ့ရ

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ပြစ်မှတ်ထားပြီး ကျုးလွန် ခဲ့တာတွေဟာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမျိုး မြောက်နိုင်တယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အကျူးလွန် ခံခဲ့ရသူတွေ အတွက် တရားမျှတမှု ဖော်ဆောင် ပေးဖို့အပြင် ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ဝင်တွေနဲ့ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေကို ဝင်ရောက်ခွင့် ပြုဖို့လည်း မြန်မာ အစိုးရကို လူ့အခွင့်အရေး ကောင်စီက တောင်းဆို လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီဇင်ဘာ ၅ ရက် အင်္ဂါနေ့တုန်းက ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေး ကနေ ဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပြီး အဖွဲ့ဝင် ၄၇ နိုင်ငံက အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

Image caption တရုတ် အပါအဝင် ၃ နိုင်ငံက ကန့်ကွက်မဲ ပေး

မဲခွဲခဲ့တုန်းကတော့ တရုတ် အပါအဝင် ၃ နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ပြီး ၉ နိုင်ငံက မဲ မပေးပဲ နေခဲ့သလို ပျက်ကွက် ၂ မဲ ရှိခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းအပေါ် ထောက်ခံမဲ ၃၃ မဲ ရှိ ခဲ့ပါတယ်။

ကလေးသူငယ်တွေပါ အသတ် ခံရတာမျိုး၊ အမျိုးသမီးတွေ အဓမ္မ ပြုကျင့် ခံရတာမျိုးတွေ အပါအဝင် ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ နှိပ်စက် ညှဉ်းပန်း ခံခဲ့ရပြီး မိမိတို့ရဲ့ အိုးအိမ် နေရတွေကနေ အတင်းအဓမ္မ နှင်ထုတ် ခံခဲ့ရတယ် ဆိုတဲ့ အချက်တွေကို လူ့ အခွင့်အရေး ကောင်စီက အတည် ပြု လိုက်တာ ဖြစ်ပါတယ်။

Image caption ဆုံးဖြတ်ချက်ထဲ မြန်မာနိုင်ငံ မပါဝင်

မြန်မာအစိုးရ ကိုယ်စားလှယ် ဦးထင်လင်းကတော့ လူ့အခွင့်အရေး ကောင်စီရဲ့ အခု ဆုံးဖြတ်ချက်ထဲ မြန်မာနိုင်ငံ မပါဝင်ဘူး ဆိုပြီး ဂျနီဗာ ညီလာခံမှာ ပြောဆို ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ် ဟူစိန်ကတော့ ရိုဟင်ဂျာတွေ အပေါ် ကျုးလွန် တာတွေဟာ လူမျိုးတုန်း သုတ်သင် ရှင်းလင်းတာမျိုး အထိ ဖြစ်တယ် ဆိုတာ ဘယ်သူ ငြင်းပယ် နိုင်သလဲ ဆိုပြီး ညီလာခံ အစောပိုင်းမှာပဲ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်ကလေးငယ်တွေ အဟာရချို့တဲ့

ဒီသတင်းနဲ့ပတ်သက်သမျှ