၂ဝ၁၇ ထဲ ဘိန်းစိုက်မှု သိသိသာသာ ကျဆင်း

  • 6 ဒီဇင်ဘာ 2017
Image caption ဘိန်းစိုက် တောင်သူတွေကိုယ်တိုင် ဒီလုပ်ငန်းကို စွန့်ပစ်လိုစိတ် ရှိလာ

မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် အခုနှစ် ၂ဝ၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ခင်း ဧရိယာ ၂၅% အထိ သိသိသာသာ ကျဆင်းသွားတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်ပါတယ်။

၂ဝ၁၅ တုန်းက ဘိန်းစိုက်ဧရိယာ ဟက်တာငါးသောင်း ငါးထောင့်ငါးရာ ရှိခဲ့တာကနေ၊ ၂ဝ၁၇ မှာ လေးသောင်းတစ်ထောင်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမှု အဓိက ကျဆင်းခဲ့တဲ့ နေရာက ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဖြစ်ပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း သိသိသာသာ ကျဆင်း ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံထဲ ဘိန်းစိုက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရှိမှုဟာ ဆက်စပ်နေတယ် ဆိုတဲ့ အချက်အပေါ် အခု ထုတ်ပြန်တဲ့ UNODC ရဲ့ အစီရင်ခံစာထဲ ထပ်မံ အတည်ပြု ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေဆဲ ရှမ်းပြည်နယ် နေရာတချို့နဲ့ ကချင်ပြည်နယ်ထဲက နေရာတွေမှာ လုံခြုံရေးအရ မတည်မငြိမ် ဆက်လက်ဖြစ်နေမယ် ဆိုရင် မူးယစ် မှောင်ခိုသမားတွေ အတွက် အခွင့်ကောင်း ဆက်ရနေလိမ့် ဦးမယ်လို့ UNODC ရဲ့ ဌာနေ ကိုယ်စားလှယ် ဂျရမီ ဒေါက်ကလပ်စ်က ဆိုထားပါတယ်။

လုံခြုံရေး ဆိုင်ရာ ပြဿနာအပြင် ဆင်းရဲမွဲတေမှု ပြဿနာကလည်း ဘိန်းစိုက်မှု တိုက်ဖျက်ရေး အပေါ် သက်ရောက် နေတယ်လို့ မစ္စတာ ဒေါက်ကလပ်စ်က ဆိုပါတယ်။

လက်ရှိ စျေးကွက်ထဲ ဘိန်းစျေးကျဆင်း နေပြီး၊ ဘိန်းစိုက် တောင်သူတွေကိုယ်တိုင် ဒီလုပ်ငန်းကို စွန့်ပစ်လိုစိတ် ရှိလာတာက ဘိန်းစိုက်ပျိုးမှု ကျဆင်းလာရခြင်းရဲ့ အခြေခံ အကြောင်း တစ်ခု ဖြစ်သလို၊ ဒေသခံတွေ ဖွံ့ဖြိုးရေး အတွက် အထောက်အပံ့ ပေးနေတဲ့ လုပ်ငန်းတွေလည်း အရှိန်ရနေတယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်ရေး အဖွဲ့က ရဲမှူးကြီး ဇော်လင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

Image caption စျေးကွက်ထဲ ဘိန်းစျေးကျဆင်း

ဘိန်းစိုက်တောင်သူတွေ အစားထိုး သီးနှံစိုက်ပျိုးဖို့ ကူညီ ထောက်ပံ့ နေပေမယ့်လည်း၊ သူတို့ အစားထိုး စိုက်ပျိုးလိုက်တဲ့ ပြောင်းလိုမျိုး သီးနှံတွေကနေ ဝင်ငွေ ဖူဖူလုံလုံ နှစ်စဉ် ရနိုင်မလား ဆိုတဲ့ ပြဿနာကတော့ စိန်ခေါ်မှု အဖြစ် ရှိနေဆဲပဲလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒါ့အပြင်၊ အခုလို ဘိန်းစိုက်ပျိုးမှု ကျဆင်းလာနေတယ်လို့ ဆိုပေမယ့် တဘက်မှာတော့ စိတ်ကြွဆေးပြား ပြဿနာကို ကြီးကြီးမားမား တွေ့ကြုံ နေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။