ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေ စီးဝင်မှု အိန္ဒိယစိုးရိမ်

  • 6 ဒီဇင်ဘာ 2017
Image caption နယ်စပ်အားလုံး လုံခြုံအောင် ဆောင်ရွက်မယ်

အိန္ဒိယနိုင်ငံ ဘက်ခြမ်းကို ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက သူတွေ အစုလိုက် အပြုံလိုက် ဝင်လာနေတဲ့ အတွက် အကြီးအကျယ် စိုးရိမ် မကင်း ဖြစ်နေရတယ် ဆိုပြီး အိန္ဒိယ ဗဟိုအစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီး ရာ့ဂျ်နက်သ် ဆင်းဂ် က ပြောပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ နယ်စပ်အားလုံး လုံခြုံအောင် ဆောင်ရွက် သွားမယ်လို့လည်း ဝန်ကြီး ဆင်းဂ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိ နေတဲ့ အိန္ဒိယဘက်ခြမ်းက ပြည်နယ်တွေ ဖြစ်တဲ့ အနောက်ဘန်ဂေါ၊ အာသံ၊ မဟာလာယာ၊ ထရီပူရနဲ့ မီဇိုရမ် ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ နဲ့လည်း မစ္စတာ ဆင်းဂ် ဒီဇင်ဘာ ၇ ရက် ကြာသပတေး နေ့မှာ တွေ့ဆုံ သွားဖို့ ရှိနေပါတယ်။

Image caption ရိုဟင်ဂျာ ၃သောင်း ၆ထောင်လောက် အိန္ဒိယနိုင်ငံ နေရာ အနှံ့မှာ နေနေကြ

ကလကတ္တားမြို့မှာ အဲဒီလို့ တွေ့ဆုံတဲ့အခါ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဝင်ရောက်နေတဲ့ အကြောင်းချင်းရာကို အဓိကထား ဆွေးနွေးသွားမယ်လို့ နားလည် ရပါတယ်။

အစောပိုင်းတုန်းကလည်း ပြည်ထဲရေး ဝန်ကြီး ဆင်းဂ်ဟာ ပါကစ္စတန်၊ တရုတ်၊ မြန်မာ စတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

လောလောဆယ် ရိုဟင်ဂျာ ၃သောင်း ၆ထောင်လောက် အိန္ဒိယနိုင်ငံ နေရာ အနှံ့မှာ နေနေကြတယ်လို့ အစိုးရ စစ်တမ်းတစ်ခုက ဆိုထားပါတယ်။

ရခိုင်ပြည်နယ်တွင်း မတည်မငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြပြီး၊ အဲဒီထဲက တချို့ဟာ အိန္ဒိယ နိုင်ငံထဲထိ လျှံကျလာနေတယ် ဆိုတဲ့ အချက်ကို ထည့်တွက်ရလိမ့်မယ်လို့ အိန္ဒိယ နယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲ ကေကေ ရှားမားက ပြောထားပါတယ်။