မီဒီယာ လွတ်လပ်ခွင့် ထင်သလောက် မရသေး

  • 7 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI Facebook
Image caption မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ပြည်တွင်းပြည်ပက သတင်းသမား တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ပါဝင်တဲ့ နှစ်ရက်ကြာ မြန်မာ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ဒီဇင်ဘာလ ၇ ရက်က ရန်ကုန်မြို့မှာ စတင် ကျင်းပခဲ့ ပါတယ်။

၆ ကြိမ်မြောက် ညီလာခံမှာ ဆွေးနွေးကြတဲ့ အထဲ သတင်းသမားတွေ အန္တရာယ် ကင်းရှင်းရေး၊ တိုင်းရင်းသား သတင်း မီဒီယာနဲ့ ဒေသန္တရ သတင်း မီဒီယာတွေ ရပ်တည်နိုင်ရေး၊ သတင်းသမားတွေရဲ့ ကျင့်ဝတ်၊ ဆိုရှယ် မီဒီယာတွေ မှာ သတင်းမှားတွေ ဖြစ်ပေါ်လာရင် ကိုင်တွယ်ဖြေရှင်းရေး စတဲ့ ကိစ္စရပ်တွေ ပါဝင် ပါတယ်။

မြန်မာ သတင်းမီဒီယာ ဖွံ့ဖြိုးရေးပိုင်းမှာ စိုးရိမ်စရာ ဖြစ်နေတဲ့ ဥပဒေ လိုအပ်ချက်တွေ၊ သတင်း သမားတွေကို သတင်းမီဒီယာ ဥပဒေအပြင် တခြား ဥပဒေတွေနဲ့ပါ တရား စွဲဆိုနိုင်တဲ့ ကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

အစိုးရသစ် လက်ထက်မှာ သတင်းမီဒီယာတွေ ပိုမိုလွတ်လပ်ခွင့်ရလာ လိမ့်မယ်လို့ မျှော်လင့် ထားခဲ့ ကြပေမယ့် အစိုးရဘက်က မီဒီယာကိစ္စကို စိတ်ဝင်တစား အားပေးကူညီတာ အားနည်းပြီး မျှော်လင့်သလောက် ဖြစ်မလာဘူး ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ပြည်တွင်း သတင်း မီဒီယာတွေ အနေနဲ့ အစိုးရ ငြိုငြင်စေမယ့် သတင်းတွေ၊ စကား အသုံး အနှုန်းတွေကို မဖော်ပြဘဲထားတာ၊ ကိုယ့်ပရိသတ် လက်မခံဘူး ထင်တဲ့ သတင်းတွေကို မဖော်ပြတာ မျိုးက ရှိနေပြီး အခုညီလာခံမှာလည်း ဘယ်အကြောင်းတွေကို ဆွေးနွေးမယ်၊ ဘယ်အရာတွေကို မဆွေးနွေးဘူး ဆိုတာ ညီလာခံ ဖြစ်မြောက်ရေး ဆောင်ရွက်တဲ့ ကော်မတီတွေက ကြိုတင် ဆုံးဖြတ်ထားခဲ့ပုံ ရတယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။